




၂၄.၁၂.၂၀၂၅
Written By Thandar
၂၀၂၅ ခုနှစ် မြန်မာ့ရုပ်ရှင်အကယ်ဒမီဆုချီးမြှင့်ပွဲမှာ အကယ်ဒမီရွှေစင်ရုပ်တုကိုင်ဆောင်မယ့် ရွှေကြိုမောင်မယ်တွေရဲ့ ဒုတိယအဆင့်ပြိုင်ပွဲကို ၁၀၄ ယောက်တက်လှမ်းခဲ့ပြီး ဒုတိယအဆင့်တက်လှမ်းနိုင်သူတွေ မေးမြန်းစိစစ်မယ့်ပွဲကို လာမယ့် ဒီဇင်ဘာ ၂၉ ရက်မှာ ရုပ်ရှင်အစည်းအရုံးမှာ ကျင်းပမယ်လို့ သိရပါတယ်။
“ကျွန်တော်တို့ ရွှေကြိုမောင်မယ် ဒုတိယအဆင့်ကို ရွေးချယ်ခံသူတွေ စာရင်းကို ထုတ်ပြန်ထားပါတယ်။ လာမယ့် မနက်ဖြန် ၂၄ ရက်နေ့မှာ မပျက်မကွက်ဆက်သွယ်သတင်းပို့ပေးရမှာပါ။ ၁၀၄ ယောက် ဒုတိယအဆင့်တက်သွားပြီဆိုတော့ ဗဟုသုတအနေနဲ့ မေးမြန်းမှာဖြစ်တဲ့အတွက်ကြောင့် သူတို့က ရုပ်ရှင်နဲ့ပတ်သက်တဲ့ ဗဟုသုတတွေရှိအောင် ရုပ်ရှင်သမိုင်းပြတိုက်ကို လေ့လာဖို့အတွက်ကို လမ်းညွှန်မှာပါ။ သူတို့က ခရစ္စမတ်နေ့ရယ်၊ ပြတိုက်ဖွင့်တဲ့ရက်တွေမှာ သူတို့လာရောက်လေ့လာပြီးတော့မှ ရုပ်ရှင်သမိုင်းကြောင်းကို သိအောင်လုပ်ထားရမယ်။ ဒုတိယအဆင့်မှာ မေးခွန်းလေးတွေပါလာမှာပါ။ ကာယ၊ ဉာဏပိုင်းတွေကိုလည်း ထည့်သွင်းမေးမြန်းစိစစ်သွားမယ်လို့ သိရပါတယ်။ ရုပ်ရှင်လောကထဲကို ဝင်လာချင်တဲ့သူတွေအနေနဲ့ ကိုယ့်လောကသမိုင်းကြောင်းတွေ သိထားဖို့လိုအပ်တယ်။ ဥပမာ- ဦးသုခဆိုရင်လည်း မသိကြတော့ သိအောင်လည်း ကလေးတွေ မလေ့လာကြတော့ဘူး။ ဒါကြောင့် အဖက်ဖက်က သိထားသင့်အရာတွေကို သိရှိဖို့ အကောင်အထည်ဖော်တဲ့ သဘောပါ”လို့ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး အတွင်းရေးမှူး ကိုချမ်းသာကြည်စိုးက MT Entertainment ကို ပြောပါတယ်။
အဆိုပါ ရွှေကြိုမောင်မယ် ဒုတိယအဆင့်ပြိုင်ပွဲဝင်တွေက မြန်မာ့ရုပ်ရှင်အစည်းအရုံး တာဝန်ရှိသူတွေနဲ့ ချိတ်ဆက်ပြီးတော့ မြန်မာ့ရုပ်ရှင်သမိုင်းပြတိုက်မှာ တစ်ခေတ်တစ်ခါက ရုပ်ရှင်ရဲ့ဖန်တီးမှု အဆင့်ဆင့်တွေကို လေ့လာသင်ယူနိုင်မှာလည်းဖြစ်ပါတယ်။
မြန်မာ့ရုပ်ရှင် ဒုတိယအဆင့် ရွှေကြိုပြိုင်ပွဲဝင် ၁၀၄ ဦးက မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးကို မနက်ဖြန် ဒီဇင်ဘာ ၂၄ ရက် နံနက် ၁၀ နာရီကနေ ညနေ ၄ နာရီခွဲအတွင်း ဖုန်း-၀၉ ၈၈၀၈၉၆၉၅၇၊ ၀၉ ၈၈၀၉၄၂၇၉၀၊ ၀၉ ၈၈၀၉၄၂၇၉၁ တို့ကို မပျက်မကွက် ဆက်သွယ်သတင်းပို့ရမယ်လို့ သိရပါတယ်။
