◾️ ရေနံချက်စက်ရုံအသစ်များ တည်ဆောက်ပြီး အဆင့်မြင့်စက်သုံးဆီများ ကိုယ်တိုင် ချက်လုပ်ထုတ်လုပ်နိုင်ရေး တိုးမြှင့်ဆောင်ရွက်နေပြီဖြစ်
၂၄. ၁၂. ၂၀၂၅
Written by Nyein Kyaw
ရေနံအထွက်တိုးစေရေး နည်းစနစ်ကျရေနံတွင်းများ တူးဖော်နိုင်ရန်နှင့် ရေနံနှင့်သဘာဝဓာတ်ငွေ့ ပိုက်လိုင်းကွန်ရက်များ အဆင့်မြှင့်တင်နေပြီဖြစ်ခြင်းကြောင့် နိုင်ငံ၏ စွမ်းအင်ကဏ္ဍ တစ်နှစ်ထက် တစ်နှစ် ပိုမိုတိုးတက်လာမည်ဟု ယုံကြည်ကြောင်း မြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ယနေ့ကျင်းပသည့် စွမ်းအင်ဝန်ကြီးဌာန နှစ်(၄၀) ပြည့် ပတ္တမြားရတု၊ သန်လျင်ရေနံချက်စက်ရုံရာပြည့်နှင့် စွမ်းအင်ပြတိုက်ဖွင့်ပွဲအခမ်းအနားတွင် ပြောကြားသည်။
စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် ကမ်းလွန်သဘာဝ ဓာတ်ငွေ့ စီမံကိန်းအသစ်များ၊ ရေနံမြေအသစ်များ ထွက်ပေါ်လာရေး ကြိုးပမ်း ဆောင်ရွက်နေသကဲ့သို့ သက်တမ်းရင့်ရေနံချက်စက်ရုံ၊ ရေနံဓာတုဗေဒစက်ရုံနှင့် ဓာတ်မြေဩဇာစက်ရုံကြီးများ စွမ်းအားပြည့် ပြန်လည် လည်ပတ်နိုင်ရန် ဆောင်ရွက်နေပြီဖြစ်ကြောင်း ယာယီသမ္မတက ပြောကြားသည်။




ထို့အပြင် လက်ရှိရေနံမြေများမှ ရေနံအထွက်တိုးစေရေး ခေတ်မီနည်းပညာများ အသုံးပြုပြီး ဆောင်ရွက်ရန် တိုင်းရင်းသားရေနံလုပ်ငန်းရှင်များနှင့် ပူးပေါင်းပြီး နည်းစနစ်ကျ ရေနံတွင်းများ တူးဖော်နိုင်ရန်နှင့် ရေနံနှင့်သဘာဝဓာတ်ငွေ့ ပိုက်လိုင်းကွန်ရက်များ အဆင့်မြှင့်တင်နေသည်ကို အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်နေပြီဖြစ်ခြင်းကြောင့် နိုင်ငံ၏ စွမ်းအင်ကဏ္ဍသည် တစ်နှစ်ထက် တစ်နှစ် ပိုမိုတိုးတက်လာမည်ဟုလည်း ယုံကြည်ကြောင်း ယာယီသမ္မတက ပြောကြားသည်။
မိမိတို့နိုင်ငံအနေဖြင့် နိုင်ငံ၏ရေနံနှင့်သဘာဝဓာတ်ငွေ့ အရင်းအမြစ်များကို စနစ်တကျ ရှာဖွေ၊ ဖော်ထုတ်၊ အသုံးပြုသွားရန်အတွက် မိတ်ဆွေနိုင်ငံများက ရေနံကုမ္ပဏီကြီးများအပြင် ပြည်တွင်းတိုင်းရင်းသားလုပ်ငန်းရှင်များနှင့် ပူးပေါင်းပြီး ရင်းနှီးမြှုပ်နှံဆောင်ရွက်သွားကြရန်နှင့် နည်းပညာ၊ သုတေသနနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးရေးကိုလည်း အရေးကြီးလုပ်ငန်းစဉ်တစ်ခုအဖြစ် တစိုက်မတ်မတ် ဆောင်ရွက်သွားရန် လိုအပ်သည်ကို အလေးထား မှာကြားလိုကြောင်း ယာယီသမ္မတက ပြောကြားသည်။
အတွေ့အကြုံများအရ နိုင်ငံတကာရေနံကုမ္ပဏီကြီးများကို ဖိတ်ခေါ်ဆောင်ရွက်မှု၏ အကျိုးရလဒ်အနေဖြင့် အကောင်အထည်ဖော်နိုင်ခဲ့သည့် ကမ်းလွန်စီမံကိန်းကြီးများသည် နိုင်ငံ၏ စွမ်းအင်လိုအပ်ချက်ကို ဖြည့်ဆည်းပေးရုံသာမက နိုင်ငံတော်အတွက် နိုင်ငံခြားဝင်ငွေကိုပါ ရှာဖွေပေးနေသည်ကို အားလုံးအသိပင် ဖြစ်ကြောင်း ယာယီသမ္မတက ပြောကြားသည်။
ထိုသို့ နိုင်ငံတော်နှင့် အများပြည်သူအတွက် အကျိုးရှိသည့် စီမံကိန်းကြီးများ ထပ်မံဖော်ထုတ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားကြရန် လိုအပ်သည်ကိုလည်း တိုက်တွန်းမှာကြားလိုကြောင်း ယာယီသမ္မတက ပြောကြားသည်။





ယခုအခါ စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် ရေနံနှင့်သဘာဝဓာတ်ငွေ့ရှာဖွေရေးမှာ Al နည်းပညာအသုံးပြုနိုင်ရေး၊ 3D Seismic နည်းပညာအသုံးပြုနိုင်ရေးနှင့် ရေနံချက်လုပ်ခြင်း အပိုင်းတွင်လည်း ရေနံချက်စက်ရုံအသစ်များ တည်ဆောက်ပြီး အဆင့်မြင့်စက်သုံးဆီများ ကိုယ်တိုင် ချက်လုပ်ထုတ်လုပ်နိုင်ရေး၊ ဓာတ်မြေဩဇာ စက်ရုံများ ထပ်မံတည်ဆောက်နိုင်ရေးအပါအဝင် နည်းပညာမြှင့်တင်ရေးကိစ္စရပ်များကို တိုးမြှင့်ဆောင်ရွက်နေပြီဖြစ်ကြောင်း ယာယီသမ္မတက ပြောကြားသည်။
အဆိုပါလုပ်ငန်းများကိုလည်း အောင်မြင်အောင် ဆောင်ရွက်သွားကြရန်နှင့် နိုင်ငံတော်အတွက် စွမ်းအင်ဖူလုံမှုမှသည် စွမ်းအင်အမှီအခိုကင်းရေးအထိ ရည်မှန်းချက်ထား ဆောင်ရွက်သွားကြရန် တိုက်တွန်းမှာကြားလိုကြောင်း ယာယီသမ္မတက ပြောကြားသည်။
