၂၄.၁၂.၂၀၂၅
Written by Linn Eain
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် ဧရာဝတီတိုင်းဒေသကြီး၊ ကျုံမငေးမြို့အတွင်းရှိ ဒေသခံပြည်သူများအား ပန်းခင်းစီမံချက်အဆင့်(၃)ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးမှုနှင့် e-ID စနစ်ဖြင့် Unique ID နံပါတ်ထုတ်ပေးဆောင်ရွက်နေမှုသို့ ဒီဇင်ဘာ ၂၄ ရက်၊ နေ့လယ်ပိုင်းတွင် သွားရောက်ကြည့်ရှုခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးသည် လာရောက်ဆောင်ရွက်သည့် ဒေသခံပြည်သူများကို လိုက်လံနှုတ်ဆက်ခဲ့ပြီး လုပ်ငန်းဆိုင်ရာအခက်အခဲများကို မေးမြန်းဆွေးနွေး၍ လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။





ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် လာရောက်ဆောင်ရွက်ကြသည့် ဒေသခံပြည်သူများအား နိုင်ငံသားကတ်ပြား အဆင်ပြေလွယ်ကူစွာရရှိစေရေးအတွက် ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ပေးနေမှုနှင့် မကြာမီကျင်းပမည့် အထွေထွေ ရွေးကောက်ပွဲတွင် နိုင်ငံသားကတ်ပြား ကိုင်ဆောင်မဲပေးရမည့်အခြေအနေများနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားကာ ဥပဒေနှင့်အညီ စိစစ်ဆောင်ရွက်ပြီးဖြစ်သည့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို သက်ဆိုင်ရာ ကာယကံရှင်များထံ အသီးသီးပေးအပ်ခဲ့သည်။
ပန်းခင်းစီမံချက်အဆင့် (၃)ဖြင့် ကျုံးမငေးမြို့ စွယ်တော်ဘုရားအတွင်းရှိ ဘုရားစောင်းတန်းတွင် ကျုံမငေးမြို့နယ်ပေါ်ရပ်ကွက်(၅)ခုနှင့် အနီးပတ်ဝန်းကျင် ကျေးရွာများမှ ပြည်သူများကို ယခင်ရက်များကပင် ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ နိုင်ငံသားကတ်ပြား ပျက်စီး/ပျောက်ဆုံးသူများ၊ အသက်(၁၈) နှစ် ပြည့်လျှောက်ထားသူများ စုစုပေါင်း ဒေသခံပြည်သူ( ၃၀၀ )ဦးအား နိုင်ငံသား စိစစ်ရေးကတ်များကို လုပ်ထုံးလုပ်နည်းနှင့်အညီ စိစစ်ဆောင်ရွက်ပေးပြီး နိုင်ငံသားကတ်ပြား ရရှိပြီးသူများအား e-ID စနစ်ဖြင့် Unique ID နံပါတ် တစ်ပါတည်းထုတ်ပေးနိုင်ခဲ့ကြောင်း သိရသည်။
ထို့ပြင် ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် ယနေ့ နံနက် (၅) နာရီခွဲတွင် ဧရာဝတီတိုင်းဒေသကြီး၊ ဝါးခယ်မမြို့၊ သံဃာရာမဗိမ္မာန်တော်ကြီး၌ ကျင်းပသည့် ပန်းပေါင်းစုံ ဗုဒ္ဓရုပ်ပွားဆင်းတုတော် အဆူ (၁၀၀၀) အနေကဇာတင် မင်္ဂလာအခမ်းအနားသို့ တက်ရောက်ရာ ရှေးဦးစွာ ဝါးခယ်မမြို့နယ်၊ သံဃနာယကအဖွဲ့ဥက္ကဌ၊ ကွမ်းခြံကုန်းကျောင်းတိုက် ဆရာတော် ဒွိပိဋကဓရ ဘဒ္ဒန္တခေမာစာရ အမှူးပြုသော ပင့်သံဃာဆရာတော်ကြီးများက ပန်းပေါင်းစုံဗုဒ္ဓရုပ်ပွားဆင်းတု တော်များအား အနေကဇာတင်ပူဇော်ခဲ့ပြီး ဆရာတော်ကြီးများအား သင်္ကန်းနှင့် လှူဖွယ်ဝထ္တုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
