◾️ဖရီးဂိတ်စစ်ရေယာဉ်ကြီးများအထိ ကိုယ်ပိုင်ဒီဇိုင်းရေးဆွဲတည်ဆောက် အသုံးပြုနိုင်ခဲ့ပြီး တိုက်ခိုက်ရေး ရေငုပ်သင်္ဘောစစ်ရေယာဉ်များ အပါအဝင် ကုန်းရေနှစ်သွယ် စစ်ဆင်ရေးရေယာဉ်များကိုလည်း အင်အားဖြည့်တင်းနိုင်ခဲ့
၂၄. ၁၂. ၂၀၂၅
Written by Nyein Kyaw
ပင်လယ်ပြင်စစ်ဆင်ရေးများကို အကန့်အသတ်ဖြင့်သာ ဆောင်ရွက်နိုင်ခဲ့သည့်ရေတပ်မှ သီးသန့်စီးပွားရေးဇုန်နှင့် ပင်လယ်ပြင်နယ်နိမိတ် တစ်လျှောက် စိုးမိုးလှုပ်ရှားနိုင်သည့် ရေတပ်အဖြစ် တက်လှမ်းလာနိုင်ခဲ့ပြီဖြစ်ကြောင်း နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ယနေ့ ကျင်းပသည့် တပ်မတော်(ရေ) ဖွဲ့စည်းတည်ဆောက်မှု (၇၈) နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားတွင် ပြောကြားသည်။
ယနေ့အချိန်တွင် ဖရီးဂိတ်စစ်ရေယာဉ်ကြီးများအထိ ကိုယ်ပိုင်ဒီဇိုင်းရေးဆွဲတည်ဆောက် အသုံးပြုနိုင်ခဲ့ပြီး တိုက်ခိုက်ရေး ရေငုပ်သင်္ဘောစစ်ရေယာဉ်များ အပါအဝင် ကုန်းရေနှစ်သွယ် စစ်ဆင်ရေးရေယာဉ်များကိုလည်း အင်အားဖြည့်တင်းနိုင်ခဲ့ပြီဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြောကြားသည်။





ထို့ကြောင့် ယခင်က ပင်လယ်ပြင်စစ်ဆင်ရေးများကို အကန့်အသတ်ဖြင့်သာ ဆောင်ရွက်နိုင်ခဲ့သည့်ရေတပ်မှ ယခုအခါ သီးသန့်စီးပွားရေးဇုန်နှင့် ပင်လယ်ပြင်နယ်နိမိတ် တစ်လျှောက် စိုးမိုးလှုပ်ရှားနိုင်သည့် ရေတပ်အဖြစ် တက်လှမ်းလာနိုင်ခဲ့ပြီဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြောကြားသည်။
မိမိတို့နိုင်ငံ၏ ကမ်းရိုးတန်းသည် ၁,၂၆၀ ရေမိုင်ရှည်လျားပြီး ကိုကိုးကျွန်းကဲ့သို့ မဟာဗျူဟာ အချက်အချာကျသည့် ကျွန်းများအပါအဝင် ကျွန်းကြီး၊ ကျွန်းငယ်ပေါင်း ၁,၄၀၀ ကျော်ရှိကြောင်း၊ ရေပြင်နယ်နိမိတ် စတုရန်းမိုင် ၁၄၀,၀၀၀ ကျော် ကျယ်ဝန်းပြီး ရေပေါ်ရေအောက် အဖိုးတန်သယံဇာတများ ပေါများသည့် ပင်လယ်ကမ်းရိုးတန်း သဘာဝအလှတရားများစွာတို့နှင့် ပြည့်နှက်နေကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြောကြားသည်။





ထိုသို့ ရေပေါ်ရေအောက် သယံဇာတပစ္စည်များ ပေါကြွယ်ဝပြီး အဖိုးတန်လှသည့် မြန်မာ့ပင်လယ်ပြင်ကို ကာကွယ်ရန် ရေပြင်၊ ဝေဟင်၊ ရေအောက် စစ်ဆင်နိုင်သည့် စစ်ရေယာဉ်ကြီးများကို တည်ဆောက် တပ်တော်ဝင်နေသကဲ့သို့ တပ်မတော်(ကြည်း)၊ တပ်မတော် (လေ)တို့နှင့်အတူ ပူးပေါင်းစစ်ဆင်ရေးများဆောင်ရွက်ခြင်း၊ စစ်ကူပစ်ကူပေးခြင်း၊ ကြည်း၊ ရေ၊ လေ တပ်ဖွဲ့အသီးသီး၏ အုပ်ချုပ်ထောက်ပံ့မှုဆိုင်ရာ ဖြည့်ဆည်းဆောင်ရွက်ခြင်း၊ နိုင်ငံတော်တည်ဆောက်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများအတွက် ပစ္စည်းများ သယ်ယူပို့ဆောင်ပေးခြင်း၊ လူသားချင်းစာနာထောက်ထားမှု အကူအညီများပေးခြင်း၊ ဆေး ကုသပေးခြင်းနှင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခြင်းတို့အတွက် ပင်လယ်ပြင်သွား တိုက်ခိုက်ရေးစစ်ရေယာဉ်များ၊ မြစ်တွင်းသွား ဘက်စုံသုံးစစ်ရေယာဉ်များ၊ ကမ်းထိုးရေယာဉ်များ၊ ထောက်ပံ့ရေး ရေယာဉ်များနှင့် ဆေးရုံရေယာဉ်တို့အား တည်ဆောက် တပ်တော်ဝင်ခြင်းနှင့် လွှဲပြောင်းလက်ခံ အသုံးပြုလျက်ရှိကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြောကြားသည်။
တပ်မတော်(ရေ)၏ ကဏ္ဍကြီး ၄ ရပ်ကိုထမ်းဆောင်ရာတွင် စစ်ရေးကဏ္ဍအနေဖြင့် တိုက်စွမ်းရည်နှင့် တိုက်စွမ်းအား ဟန်ချက်ညီတိုးတက်မှသာ တိုက်ပွဲဝင်အသင့်ဖြစ်သည့် တပ်ဖွဲတစ်ခု ဖြစ်လာမည်ဖြစ်ကြောင်း၊ တိုက်စွမ်းအား ရရှိရန်အတွက် စစ်ဆင်မှုနယ်ပယ် ၄ ရပ်တွင် စစ်ဆင်နိုင်မည့် ခေတ်မီ Platform များ၊ စွမ်းရည်မြင့်လက်နက်နှင့် လက်နက်စနစ်များ၊ ဆက်သွယ်ရေးနှင့် အီလက်ထရောနစ်ကိရိယာများကို ဖြည့်ဆည်းပေးခဲ့ကြောင်း ယနေ့ အချိန်တွင် ရေပြင်သွားစစ်ရေယာဉ်ကြီးများသာမက ရေငုပ်သင်္ဘောများကိုပါ ရရှိပိုင်ဆိုင်လာခဲ့ပြီး သုံးဘက်မြင်စစ်ဆင်နိုင်စွမ်းရှိသည့် တိုက်ပွဲဝင်အသင့်ရေတပ်အဖြစ် ရောက်ရှိနေပြီးဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြောကြားသည်။
ထို့အပြင် မြန်မာ့တပ်မတော်တွင် တပ်မတော်(ရေ)ကို (၇၈)နှစ်တာကာလအတွင်း အဆင့်ဆင့်တိုးချဲ့ဖွဲ့စည်းတည်ဆောက်ခဲ့ခြင်းဖြစ်ပြီး လက်ရှိအခြေအနေတွင် စစ်ရေယာဉ်များကို ကိုယ်တိုင်တည်ဆောက်အသုံးပြုနေနိုင်သည့်အနေအထားသို့ ရောက်ရှိခဲ့ပြီဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြောကြားသည်။
တပ်မတော်သားတိုင်းအနေဖြင့် ကျန်းမာကြံ့ခိုင်မှုရှိရမည်၊ ရဲစွမ်းသတ္တိနှင့် တိုက်ရဲခိုက်ရဲသည့် စိတ်ဓာတ်ရှိရမည်၊ မိမိတို့တစ်ဦးချင်း တာဝန်များကို သက်ဆိုင်ရာပညာရပ်များအလိုက် ကျွမ်းကျင်ပိုင်နိုင်နေရမည်ဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြောကြားသည်။
“လေ့လာ၊ လေ့ ကျင့်၊ လိုက်နာ” ဆိုသည့်မူဝါဒနှင့်အညီ စဉ်ဆက်မပြတ် ပြောင်းလဲတိုးတက်နေသည့် စစ် အတတ်ပညာများနှင့် မျက်ခြည်မပြတ်လေ့လာနေရမည်၊ သင်ယူတတ်မြောက်ပြီးဖြစ်သည့် စစ်အတတ်ပညာများကို ပိုမိုကျွမ်းကျင်ပိုင်နိုင်အောင် အမြဲလေ့ကျင့်နေရမည်၊ ချမှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများ၊ အမိန့်နှင့်ညွှန်ကြားချက်များကို အမြဲလိုက်နာကျင့် သုံးနေရမည်ဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြောကြားသည်။
ကမ္ဘာတည်သရွေ့ မြန်မာနိုင်ငံတော်တည်ရှိရမည်၊ မြန်မာနိုင်ငံတော် တည်ရှိနေသရွေ့ မြန်မာ့တပ်မတော် တည်ရှိရမည်၊ မြန်မာ့တပ်မတော် တည်ရှိနေသရွေ့ တပ်မတော်(ရေ)သည်လည်း တည်ရှိရမည်ဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြောကြားသည်။
တပ်မတော်(ရေ)အနေဖြင့် ရှိပြီးဖြစ်သည့် ကောင်းမွန်သော အစဉ်အလာများကို စဉ်ဆက်မပြတ် ဆက်လက်ထိန်းသိမ်း လက်ဆင့်ကမ်းကာ တပ်မတော်(ရေ)နှင့် တပ်မတော်၏ဂုဏ်ကို ထိန်းသိမ်းသွားကြရမည်ဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြောကြားသည်။
