၂၄ .၁၂. ၂၀၂၅
Written by Thiri
ပဲခူးတိုင်းဒေသကြီးအတွင်း၊ ဂွေးတောက်ပင်ကျေးရွာမှာ ကလေးမွေးထားတာ ၂၅ ရက်သားပဲ ရှိသေးပြီး နာမကျန်းဖြစ်နေတဲ့ မိခင်က သူ့ရဲ့ကလေးကို လူမှုကူညီရေးအသင်းက ခေါ်ယူဆေးကုသကာ စောင့်ရှောက်ပေးဖို့ အကူအညီတောင်းလာလို့ ကလေးကို ခေါ်ယူစောင့်ရှောက်နိုင်ဖို့ သွားရောက်ခဲ့ကြောင်း တောင်ငူ အခြေစိုက် Save the trees recuse team မှ ကိုကျော်သူရထံကနေ သိရပါတယ်။
အဆိုပါ မိခင်ထံမှာ အသက် ၁၂ အရွယ် သမီးအကြီးလေးတစ်ဦးလည်းရှိပြီး အသက် ၆၀ ကျော် အရွယ် နာမကျန်း မိခင်ကြီးလည်း ရှိနေကာ အိမ်ထောင်ဦးစီးကတော့ သူကိုယ်ဝန်ဆောင်စဉ်ကတည်းက သူတို့ဆီက ထွက်သွားတာ အဆက်အသွယ်ပြတ်တောက်နေတယ်လို့ သိရပါတယ်။ မိသားစုမှာ ကြွေးမြီတွေ တင်နေပြီး အိမ်ရဲ့ စားဝတ်နေရေးကို အသက် ၁၂ အရွယ်သမီးလေးရဲ့ လုပ်အားခနဲ့ ဖြေရှင်းနေရတယ်လို့ ဆိုပါတယ်။
ကလေးကို စောင့်ရှောက်ကူညီဖို့ သွားရောက်တဲ့ ကိုကျော်သူရက ” ၁၂ နှစ် သမီးလေးက ဆံပင်ကျွတ်ရှင်းတဲ့ ဒိုင်မှာ ဆံပင်ရှင်းတဲ့အလုပ်ကို လုပ်တာ တစ်ရက် ကျပ် ၇၀၀၀ ရတယ်တဲ့။ အဲ့ဒါနဲ့ မွေးကင်းစကလေးကို နို့မှုန့်နဲ့ ထမင်းရည်တိုက်တယ်။ မိသားစု စားစရိတ်ဖြေရှင်းတယ်ပေါ့ ။ အတိုးဆပ်ရတယ်တဲ့။ လူကြီးတွေက အလုပ်မလုပ်နိုင်တော့ဘူး။ အမေကလည်း ကိုယ်ဝန်နဲ့ကတည်းက မကျန်းမာတာ။ အခုမွေးပြီးတော့ မီးယပ်ဝေဒနာ မီးတွင်းထဲ မကျန်းမာတာ” လို့ MT News ကို ပြောပါတယ်။
ကိုကျော်သူရတို့ Save The Trees Rescue Team က ကလေးနဲ့ မိခင်ကိုမခွဲလိုတာကြောင့် တောင်ငူဆီ ခေါ်ယူပြီး ဆေးကုသမှု ခံယူနိုင်ရေး ဆောင်ရွက်ပေးကာ သမီးအကြီးရဲ့ ဝန်ထုပ်ဝန်ပိုးဖြစ်နေတဲ့ မိသားစုတာဝန်ကို လျှော့ချပြီး ကျောင်းပြန်တက်နိုင်ရေး ဆောင်ရွက်ဖို့ ရပ်မိရပ်ဖ တွေဆီ တိုင်ပင်တဲ့အခါ ရွာထဲက အကြွေးရှင်တွေက အကြွေးမဆပ်ရင် ခေါ်သွားတာကို လက်မခံ နိုင်ဘူးလို့ ကန့်ကွက်ကြကြောင်းလည်း သိရပါတယ်။




” ကလေးမွေးတုန်းက လက်သည်ခလည်း မပေးသေးဘူး။ ရွာထဲ ကြွေးမြီကလည်း အတိုးတက်လိုက် အရင်းထည့်ပေါင်းလိုက်နဲ့ သိန်းနှစ်ဆယ်လောက် ရှိတယ်” လို့လည်း အဆိုပါမိသားစုရဲ့ အဘွားဖြစ်သူက ဆိုပါတယ်။
အသင်း အနေနဲ့က ကလေး နဲ့ ကျန်းမာရေးကိစ္စတွေအတွက်သာ ကူညီဆောင်ရွက်ပေးရမယ့် ရည်ရွယ်ချက်နဲ့ တာဝန်လို့ သတ်မှတ်လုပ်ဆောင်မှာဖြစ်ပြီး မိသားစု ပြန်လည်ထူထောင်နိုင်ရေး လမ်းကြောင်းပေါ်တင်ပေးဖို့သာ လုပ်ဆောင်မှာဖြစ်တယ်လို့ ဆိုပါတယ်။
ကိုကျော်သူရ က “ကျွန်တော့်ကို အကြွေးတွေ ဝိုင်းတောင်းကြတယ်။ မပေးရင် ဆေးကုဖို့လည်း ခေါ်မသွားနဲ့ပေါ့။ အဲ့ဒီ့သဘော(ရယ်လျက်) ကျွန်တော့်အနေနဲ့ လှူဒါန်းဖို့ လှုံ့ဆော်ပေးလို့ ရပါတယ်။ အလှူငွေတွေ ရလာရင် ပုံပေးလိုက်ရင် ဒါက အသင်း ပုံရိပ်ပြလို့တောင် အပြကောင်းပါသေးတယ်။ ဒါပေမယ့် ဒါက ပြေလည်ဖို့ အဖြေမဟုတ်ဘူးလို့ ယူဆတယ်။ ကျွန်တော့်အသင်းက ဘယ်တုန်းကမှ အဲ့လိုမျိုး မကူညီဘူး။ ကူလည်း မကူနိုင်ဘူး။ ဆေးကုသရမယ့် လူဆိုရင်လည်း ပြီးစီးပျောက်ကင်း ထူထောင်တဲ့အထိ ကူညီတယ်။ မိုင်းထိ လူနာလည်း ဒီလိုပဲ ခြေတုတပ်ပြီး အသက်မွေးလမ်းကြောင်းပေါ်ရောက်အောင် တင်ပေးတယ်။ အခုလည်း ကလေးတွေ မိခင်ကျန်းမာရေး အရင်ကုမယ်။ ပြီးရင် အလုပ် လုပ်။ ကလေးကို မစောင့်ရှောက်နိုင်ရင် နှစ်ဦးစလုံး တာဝန်ယူထိန်း ကျောင်းပေးထားမယ်။ ငွေမပေးဘူး ။ ကလေးတွေမှာလည်း ဘဝ တစ်ခုစီမို့ အခုလို ပညာမသင်ရ၊ အလုပ် လုပ်ရ မဖြစ်ရဘူး။ သူတို့အနာဂတ်က ခပ်ကြီးကြီး စကားလုံးနဲ့ ပြောရရင် တစ်တိုင်းပြည်လုံးနဲ့ ဆိုင်တယ်” လို့ ကြုံတွေ့ရတဲ့ အခြေအနေတွေကို ပြောပြပါတယ်။
လက်တလောမှာတော့ မနက်ဖြန် ဒီဇင်ဘာ ၂၅ ရက်နေ့မှာ အဆိုပါရွာကို ထပ်မံသွားရောက်ပြီး မိခင်နဲ့ မွေးကင်းစ ကလေးကို ဆေးရုံမှာ မီးယပ်သားဖွား ဆရာဝန်နဲ့ ပြဖို့ ခေါ်ယူကာ ပြသပြီးပါက ရွာကို ပြန်လည်ပို့ပေးမှာဖြစ်ပြီး ကလေး နို့မှုန့်၊ အာဟာရ အတွက် လစဉ်ကူညီတာကို အရင် လုပ်ဆောင်မယ်လို့လည်း သိရပါတယ်။
ဆေးကုသနေစဉ် စားဖို့ အတွက် အလှုငွေ ၂ သိန်းလှုဒါန်းပေးခဲ့ပြီး မိသားစုတစ်ခုလုံးအတွက် ဘယ်လိုအဆင်ပြေအောင်ကူညီပေးရမလဲဆိုတာ အသင်းအနေနဲ့ ပြန်လည် တိုင်ပင်နေတယ်လို့ ဆိုပါတယ်။
