၂၄. ၁၂. ၂၀၂၅
Translated by Thettant
မိမိ၏ အသက် ၁၂ နှစ်အရွယ် သမီးငယ်ဖြစ်သူအား ဂျပန်နိုင်ငံ၊ တိုကျိုမြို့ရှိ အနှိပ်ခန်းတစ်ခုတွင် ပြည့်တန်ဆာအဖြစ် လုပ်ကိုင်ရန် အဓမ္မခိုင်းစေခဲ့သည်ဟု စွပ်စွဲခံထားရသည့် အသက် ၂၉ နှစ်အရွယ် ထိုင်းအမျိုးသမီးတစ်ဦးကို အင်္ဂါနေ့ (ဒီဇင်ဘာ ၂၃ ရက်) တွင် ဖမ်းဆီးလိုက်ကြောင်း ထိုင်းရဲတပ်ဖွဲ့က ပြောကြားသည်။
လက်ခ်စနာဟု အမည်ရသည့် အဆိုပါအမျိုးသမီးသည် အသက်မပြည့်သေးသည့် သမီးအရင်းဖြစ်သူကို ပြည့်တန်ဆာလုပ်ရန် ဂျပန်နိုင်ငံတွင် ထားရစ်ခဲ့ပြီးနောက် ထိုင်ဝမ်သို့ ထွက်ပြေးတိမ်းရှောင်နေစဉ် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။ ၎င်းအား ထိုင်ဝမ်မှတစ်ဆင့် ထိုင်းနိုင်ငံသို့ ပြန်လည်လွှဲပြောင်းပေးခဲ့ရာ ဘန်ကောက်၊ သုဝဏ္ဏဘူမိလေဆိပ်သို့ ရောက်ရှိချိန်တွင် ဖမ်းဆီးထိန်းသိမ်းလိုက်ခြင်း ဖြစ်သည်။
ထိုင်းလူဝင်မှုကြီးကြပ်ရေးဗျူရို ဒုတိယတပ်မှူး Pol. Col. Narong Theswibul ၏ ပြောကြားချက်အရ တရားခံသည် ယခုနှစ် ဇွန်လအတွင်းက ကျောင်းပိတ်ရက်၌ တရားဝင်အနှိပ်ခန်းတွင် အလုပ်လုပ်ရန်ဟု အကြောင်းပြကာ သမီးဖြစ်သူကို ဂျပန်နိုင်ငံသို့ ခေါ်ဆောင်သွားခဲ့သည်။ တိုကျိုမြို့သို့ ရောက်ရှိသောအခါ သမီးဖြစ်သူကို ဘွန်ကျိုခရိုင်ရှိ အနှိပ်ခန်းတစ်ခုသို့ ခေါ်ဆောင်သွားပြီး လိင်ပိုင်းဆိုင်ရာ ဝန်ဆောင်မှုပေးရန် အနှိပ်ခန်းပိုင်ရှင်နှင့် စီစဉ်ခဲ့သည်။

ဂျပန်သတင်းဌာနတစ်ခုဖြစ်သည့် Mainichi ၏ ဖော်ပြချက်အရ ဤလူကုန်ကူးမှုဖြစ်စဉ်သည် “ခေတ်သစ်ကျွန်စနစ်” ပုံစံမျိုးဖြစ်ပြီး ဂျပန်နိုင်ငံကဲ့သို့ နိုင်ငံမျိုးတွင်ပင် ကလေးငယ်များအပေါ် ကျူးလွန်ခံနေရခြင်း ဖြစ်သည်။
စုံစမ်းစစ်ဆေးရေးမှူးများ၏ ပြောကြားချက်အရ အဆိုပါမိန်းကလေးငယ်သည် ဂျပန်နိုင်ငံတွင် ရှိနေစဉ်တစ်လျှောက်လုံး နိုင်ငံခြားသား ဧည့်သည်များကို ဝန်ဆောင်မှုပေးခဲ့ရသည်။ သာမန်အနှိပ်ဝန်ဆောင်မှုအတွက် တစ်နာရီလျှင် ယန်း ၈,၀၀၀ (၅၁ ဒေါ်လာခန့်) ကျသင့်ပြီး၊ လိင်ပိုင်းဆိုင်ရာ ဝန်ဆောင်မှုအတွက်မူ တစ်နာရီလျှင် ယန်း ၁၂,၀၀၀ (၇၇ ဒေါ်လာခန့်) ကျသင့်ကြောင်း သိရသည်။ အနှိပ်ခန်းပိုင်ရှင်သည် ဝန်ဆောင်ခငွေများကို ဂျပန်ဘဏ်အကောင့်တစ်ခုသို့ လွှဲပြောင်းပေးပြီး ထိုမှတစ်ဆင့် ထိုင်းဘတ်ငွေအဖြစ် ပြောင်းလဲကာ ထိုင်းနိုင်ငံရှိ လက်ခ်စနာ၏ ကိုယ်ပိုင်ဘဏ်အကောင့်ထဲသို့ ထည့်သွင်းပေးခဲ့သည်ဟု ရဲတပ်ဖွဲ့က ဆိုသည်။
တရားခံအမျိုးသမီးသည် သမီးဖြစ်သူကို အနှိပ်ခန်းတွင် ထားရစ်ခဲ့ကာ အလုပ်လုပ်ရန် ထိုင်ဝမ်သို့ ထွက်ခွာသွားခဲ့သည်။ မိန်းကလေးငယ်သည် မိခင်ဖြစ်သူထံ အကြိမ်ကြိမ် ဆက်သွယ်ရန် ကြိုးပမ်းခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။

သို့သော် စက်တင်ဘာလလယ်တွင် မိန်းကလေးငယ်သည် အနှိပ်ခန်းမှ ထွက်ပြေးလွတ်မြောက်လာခဲ့ပြီး တိုကျိုလူဝင်မှုကြီးကြပ်ရေး အရာရှိများထံ အကူအညီတောင်းခံခဲ့သည်။ ဂျပန်အာဏာပိုင်များက ၎င်းအား စောင့်ရှောက်မှုအောက်တွင် ထားရှိခဲ့ပြီးနောက် ထိုင်းနိုင်ငံသို့ ပြန်လည်ပို့ဆောင်ပေးခဲ့သည်။ တိုကျိုရဲတပ်ဖွဲ့သည်လည်း ယင်းဖြစ်စဉ်နှင့် ဆက်စပ်သည့် ဂျပန်နိုင်ငံသား အနှိပ်ခန်းပိုင်ရှင်ကို ဖမ်းဆီးခဲ့သည်။
ဤဖြစ်စဉ်သည် နိုင်ငံတကာရဲတပ်ဖွဲ့များအကြား ပူးပေါင်းဆောင်ရွက်မှုတစ်ခုဖြစ်ပြီး ထိုင်ဝမ်အာဏာပိုင်များက အဆိုပါအမျိုးသမီးကို ဖမ်းဆီးကာ တနင်္လာနေ့တွင် ထိုင်းလူကုန်ကူးမှု တားဆီးနှိမ်နင်းရေးဌာနသို့ လွှဲပြောင်းပေးခဲ့သည်။ ဘန်ကောက်မြို့ အလယ်ပိုင်းစုံစမ်းစစ်ဆေးရေး ဗျူရိုတွင် စစ်ဆေးမေးမြန်းစဉ် တရားခံသည် သမီးဖြစ်သူကို အနှိပ်ခန်းတွင် ပြည့်တန်ဆာအဖြစ် အလုပ်လုပ်ရန် ခေါ်ဆောင်သွားခဲ့ကြောင်း ဝန်ခံခဲ့သည်။
၎င်းအား အသက် ၁၅ နှစ်အောက် ကလေးငယ်တစ်ဦးကို လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်ရန် ရည်ရွယ်ချက်ဖြင့် ဖြားယောင်းသွေးဆောင်မှု၊ မိမိ၏ သွေးသားရင်းအပေါ် ပြစ်မှုကျူးလွန်မှုနှင့် လူကုန်ကူးမှုဆိုင်ရာ ပုဒ်မများဖြင့် တရားစွဲဆိုထားကြောင်း သိရသည်။
Ref : Khaodsod
