၂၄. ၁၂. ၂၀၂၅
MT News Editorial
“စစ်မှန်သော တော်လှန်ရေး၏ ရည်မှန်းချက်မှာ ဖိနှိပ်မှုပုံစံသစ်တစ်ခု ဖန်တီးရန်မဟုတ်ဘဲ၊ ဖိနှိပ်မှုဟူသမျှကို အမြစ်ဖြတ် ချေမှုန်းရန်သာ ဖြစ်သည် (The goal of a true revolution is not to create a new form of oppression, but to destroy all forms of it.) ” ဟု တော်လှန်ရေး၏ စံသတ်မှတ်ချက်ဟု ဆိုနိုင်သော နိုင်ငံရေးအတွေးအခေါ်တစ်ရပ်က ဆိုထားပေသည်။ သို့သော် ယနေ့ မြန်မာ့မြေပေါ်တွင်မူ “တော်လှန်ရေး” ဟူသော စကားလုံးကို လက်နက်သဖွယ် အလွဲသုံးစားလုပ်ကာ အပြစ်မဲ့ ပြည်သူများ၏ အသက်သွေးချွေးကို ယဇ်ပူဇော်နေသည့် အကြမ်းဖက်လုပ်ရပ်များမှာ တော်လှန်ရေး၏ စံနှုန်းများကို ရိုက်ဖျက်ချိုးလိုက်ပြီဖြစ်သလို တော်လှန်ရေးအောင်မြင်မည်ထင်ကာ အံကြိတ်ခံနေရရှာသော ပြည်သူလူထုကြားတွင်လည်း အကြမ်းဖက်မှုများကို ကိုယ်တွေ့ခံစားနေရပြီဖြစ်သဖြင့် အမည်ခံတော်လှန်ရေးကို သည်းခံနိုင်စရာအဆင့် ကျော်လွန်သွားပြီ ဖြစ်သည်။
NUG၊ PDF နှင့် EAOs တို့၏ တော်လှန်ရေးအမည်ခံ လုပ်ရပ်များသည် ဖိနှိပ်မှုကို တိုက်ဖျက်နေခြင်း မဟုတ်ဘဲ ပြည်သူကို ဓားစာခံလုပ်ကာ အကြောက်တရားဖြင့် ဖိနှိပ်သည့် အကြမ်းဖက်လမ်းစဉ်ကိုသာ လျှောက်လှမ်းနေကြသည်ကိုလည်း ပြီးခဲ့သည့်ငါးနှစ်တာ ကျူးလွန်မှုများက သက်သေပြခဲ့ပြီဖြစ်သည်။ မြို့သိမ်းတိုက်ပွဲဟုဆိုကာ မြို့ပြများစွာဖျက်ဆီး၊ လူများစွာသတ်ကာ၊ ပြည်သူ့နေအိမ်ဖောက်ထွင်းမှုများ ကျူးလွန်ရုံသာမက မြို့ပြများရှိ လူစည်ကားရာ နေရာများနှင့် အများပြည်သူဆိုင်ရာ နေရာများကို ပစ်မှတ်ထားကာ ဗုံးခွဲတိုက်ခိုက်ခဲ့ခြင်းကြောင့် ပြည်သူထောင်သောင်းချီ သေကြေပျက်စီးခဲ့ရခြင်းမှာ မည်သည့် နိုင်ငံရေးသိက္ခာတရားနှင့်မျှ မညီညွတ်သည့် ရာဇဝတ်မှု သက်သက်သာ ဖြစ်သည်။
မိမိတို့ အာဏာရရေး ရည်မှန်းချက်အတွက် မသက်ဆိုင်သည့် အရပ်သားများ၊ နိုင်ငံ့ဝန်ထမ်းများနှင့် ဘုရားသားတော် ရဟန်းသံဃာရာထောင်ချီကို သတ်ဖြတ်ခြင်းမှာ တော်လှန်ရေး မဟုတ်ဘဲ သူရဲဘောကြောင်သည့် အကြမ်းဖက်မှု သို့မဟုတ် အောက်တန်းကျသော စစ်ရာဇဝတ်မှုသာဖြစ်သည်။
အကြမ်းဖက်မှုကို သတိပြုမှုဆိုင်ရာ ဆိုရိုးတစ်ခုတွင်လည်း “အကြမ်းဖက်မှုတွင် ဘာသာတရားမရှိ၊ လူမျိုးမရှိ၊ ထို့ပြင် တော်လှန်ရေးအတွင်း၌လည်း နေရာ လုံးဝမရှိစေရ”(Terrorism has no religion, no nationality, and certainly no place in a revolution.) ဟု တော်လှန်ရေးနှင့် အကြမ်းဖက်မှု ကွဲပြားစေရန် သတိပေးထားပေသည်။ သို့သော် ထိုသို့သော သတိပေးချက်များကို ဆင်ခြင်တွေးဆရန် အသိဉာဏ်နည်းသော NUG၊ PDF နှင့် EAOs တို့က သံဃာတော်အရှင်သူမြတ်များ၊ လက်နက်မဲ့ နိုင်ငံ့ဝန်ထမ်းများနှင့် ပြည်သူများကို ပြန်ပေးဆွဲခြင်း၊ နေအိမ်များအထိ လိုက်လံလုပ်ကြံခြင်းနှင့် ချောင်းမြောင်း သတ်ဖြတ်ခြင်းတို့မှာ တော်လှန်ရေးမဟုတ်ဘဲ အကြမ်းဖက်လုပ်ရပ် စင်စစ်သာဖြစ်သလို လက်နက်မဲ့သူကို ရန်သူဟု သတ်မှတ်ကာ သတ်ဖြတ်နေသော ၎င်းတို့သည် တရားမျှတမှုကို ရှာဖွေသူများ မဟုတ်တော့ဘဲ သွေးဆာနေသည့် ရာဇဝတ်ကောင်များသာ ဖြစ်သည်။
မြင့်မြတ်သော တော်လှန်ရေးသည် ပြည်သူကို ချစ်ကြောက်ရိုသေရမည် ဖြစ်သော်လည်း၊ ယခုအခါ တော်လှန်ရေးအမည်ခံကာ ပြည်သူကို သတ်ဖြတ်နေသူများသည် အကြမ်းဖက်သမားများအဖြစ် အသွင်ပြောင်းလဲသွားပြီ ဖြစ်သည်။ ထိုသို့သော အကြောက်တရားနှင့် သွေးစွန်းသော လမ်းစဉ်ကို ကျင့်သုံးနေသူများကို ဆက်လက် ထောက်ခံလှူဒါန်းပေးနေခြင်းသည် မိမိတို့ကိုထိုးမည့် အကြမ်းဖက်သမား၏ ဓားကို မိမိကိုယ်တိုင် သွေးပေးနေခြင်းနှင့် အတူတူပင် ဖြစ်သည်။
သို့ဖြစ်ပါ၍ ပြည်သူလူထုအနေဖြင့် တော်လှန်ရေးကို အသုံးချကာ မိမိတို့၏ အသက်အိုးအိမ် စည်းစိမ်ကို ခြိမ်းခြောက်နေသည့် NUG၊ PDF နှင့် EAOs တို့၏ လူမဆန်သော အကြမ်းဖက်မှု အားလုံးကို ပြတ်ပြတ်သားသား ဆန့်ကျင်ကြရန် လိုအပ်နေပါကြောင်း တိုက်တွန်းလိုပါသည်။ ထို့အပြင် နိုင်ငံကို ပျက်သုဉ်းအောင် ဖြိုဖျက်နေသည့် အကြမ်းဖက်သံသရာမှ လွတ်မြောက်ရန်နှင့် မိမိတို့၏ ကံကြမ္မာကို မိမိတို့ကိုယ်တိုင် ဆုံးဖြတ်နိုင်မည့် တစ်ခုတည်းသော ငြိမ်းချမ်းရေးလမ်းစဉ်မှာ ရွေးကောက်ပွဲသာ ဖြစ်သည်ကိုလည်း အကြံပြုလိုပါသည်။ ရွေးကောက်ပွဲမှတစ်ဆင့်သာ တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကို ပြန်လည်တည်ဆောက်ကာ ဆယ်စုနှစ်ပေါင်းများစွာကြာ စစ်ပွဲများအတွင်း ပိတ်မိသွားနိုင်မည့် အခြေအနေမှ ရုန်းထွက်ကြပါရန်နှင့် လာမည့် ဒီဇင်ဘာ ၂၈ ရက်တွင် စတင်ကျင်းပမည့် ရွေးကောက်ပွဲသို့ မပျက်မကွက် သွားရောက်မဲပေးကြပါရန်လည်း MT News က တိုက်တွန်းနှိုးဆော်အပ်ပါသည်။
