၂၄.၁၂.၂၀၂၅
Written by Nay Yaung Lin
ရွေးကောက်ပွဲတွင် အသည်းကြားက မဲတစ်ပြားကို ဦးနှောက်ဖြင့် မဲပေးဖို့လိုအပ်ပြီး ပြည်ခိုင်ဖြိုးပါတီအနေဖြင့် ပြည်သူလူထု၏ တာဝန်အပ်နှင်းမှုကို အသင့်ဖြစ်နေပြီဖြစ်ကြောင်း အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း ဦးမြင့်ကြိုင်က ဝါးခယ်မမြို့နယ်၌ ဒီဇင်ဘာ ၂၄ ရက်က ပြုလုပ်သည့် တွေ့ဆုံပွဲတွင် ပြောကြားခဲ့သည်။
ဧရာဝတီတိုင်းဒေသကြီး၊ အမျိုးသားလွှတ်တော်မဲဆန္ဒနယ် အမှတ်(၁)တွင် ပြည်ခိုင်ဖြိုးပါတီကိုယ်စားပြုယှဉ်ပြိုင်မည့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း(PR)၊ ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် ဝါးခယ်မြို့နယ်၊ ရွှေခယ်သီရီအားကစားခန်းမတွင် ပြုလုပ်ခဲ့သည့် အဆိုပါ ပါတီဝင်၊ မဲဆန္ဒရှင်ပြည်သူများနှင့် တွေ့ဆုံပွဲတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။
“ ဒီရွေးကောက်ပွဲမှာ ပြည်သူလူထုကြီးက အသည်းကြားက မဲတစ်ပြားကို ဦးနှောက်နဲ့လည်း မဲပေးဖို့လိုအပ်သလို စဉ်စားဖို့လည်းလိုအပ်တယ်လို့ ကျွန်တော့်အနေနဲ့ ပန်ကြားအပ်ပါတယ်။ ကျွန်တော်တို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီအနေဖြင့် ပြည်သူလူထုက တာဝန်အပ်နှင်းမှုကို အသင့်ဖြစ်နေပြီလို့ ပြောကြားလိုပါတယ်” ဟု အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း ဦးမြင့်ကြိုင်က အဖွင့်အမှာစကားပြောကြားရာတွင် ထည့်သွင်းပြောကြားခဲ့သည်။





ပြည်သူလူထုအနေဖြင့် တရားဥပဒေစိုးမိုးပြီး အေးအေးချမ်းချမ်းဖြင့် စားဝတ်နေရေးပြေလည်ရေးနှင့် အခြေခံမိသားစုဘဝ စီးပွားရေးကောင်မွန်ရေး အချက်နှစ်ချက်ကို အလိုရှိသည်ကို မိမိတို့ပါတီအနေဖြင့် သိရှိကြောင်း၊ ထို့ကြောင့် ပြည်ခိုင်ဖြိုးပါတီအနေဖြင့် စီမံချက်များအများကြီးရှိသည့်အထဲမှ နိုင်ငံတော်အေးချမ်းသာယာရေးနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်အောင် ဦးစားပေးဆောင်ရွက်သွားမည်ဟု အသိပေးကြောင်း လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးမြင့်ကြိုင်က ဆက်လက်ပြောကြားသည်။
ထို့ပြင် နိုင်ငံတော်၏ ကာကွယ်ရေးနှင့် လုံခြုံရေးကို အဓိကဆောင်ရွက်နေသည့် တပ်မတော်နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ လုံခြုံရေးအဖွဲ့အစည်းများဖြင့် ကျောချင်းကပ်ဆောင်ရွက်နေသည့် ပြည်ခိုင်ဖြိုးပါတီကို ဆန္ဒမဲပေးရန် ဦးမြင့်ကြိုင်က တက်ရောက်လာသူများကို ပြောကြားခဲ့ကြောင်း သိရသည်။
အဆိုပါတွေ့ဆုံပွဲကို ဦးစွာ နိုင်ငံတော်အလံအလေးပြု၍ နိုင်ငံတော်သီချင်းသီဆိုကာ ဖွင့်လှစ်ခဲ့ပြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း ဦးမြင့်ကြိုင်က အမှာစကားပြောကြားသည်။





ထို့နောက် ပြည်ခိုင်ဖြိုးပါတီကိုယ်စားပြု၍ ဝါးခယ်မမြို့နယ်တွင် ယှဉ်ပြိုင်မည့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးသန်းနိုင်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း(FPTP) ဦးထိန်လင်း၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း(PR) ဦးပြုံးချို၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်လောင်း(FPTP) ဦးကျော်စိုး၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်လောင်း(PR) ဦးတင်ဌေးတို့က အသီးသီး ရွေးကောက်ပွဲအောင်နိုင်ရေးနှင့် ပတ်သက်၍ ပြောကြားခဲ့ကြသည်။
အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း(PR) ဦးမြင့်ကြိုင်သည် လက်ရှိတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးတာဝန်ဖြင့် ဆောင်ရွက်လျက်ရှိသူဖြစ်သည်။
