၂၄.၁၂.၂၀၂၅
Written by Hey Mar
ရန်ကုန် အနောက်ပိုင်းခရိုင်၊ လှိုင်သာယာမြို့နယ်၊ ဘီအိုစီမှတ်တိုင်အနီးက အိမ်ဆိုင်တစ်ဆိုင်ရှေ့မှာ အာဟာရပြတ်နေတဲ့ အမျိုးသားတစ်ဦးကို လာရောက်စွန့်ပစ်သွားလို့ မနေ့က ဒီဇင်ဘာ ၂၃ ရက်နေ့ ညဘက်မှာ လူမှုကူညီရေးအသင်းက သွားရောက်သယ်ဆောင်ကာ သန်လျင်ကွန်းခိုရာဆီ ပို့ဆောင်ပေးပေမယ့် သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။
အဆိုပါ စွန့်ပစ်ခံရတဲ့ အမျိုးသားက မည်သူမည်ဝါ ဖြစ်ပြီး ဘယ်မှာနေထိုင်တယ်ဆိုတာကို သဲကွဲစွာ ပြောကြားနိုင်ခြင်းမရှိတော့ဘဲ အသက်အရွယ်အားဖြင့်တော့ ငါးဆယ်ဝန်းကျင်ခန့်လို့ ခန့်မှန်းရကြောင်း ဒေသခံတချို့က MT News ကို ပြောပါတယ်။




စွန့်ပစ်ခံ အမျိုးသား ရောက်ရှိနေတဲ့ နေအိမ်မှ အိမ်ရှင်က “ကျွန်တော်တို့က အိမ်မှာ မရှိဘူး။ ခရီးကပြန်လာမှ အိမ်ရှေ့ လှေကားမှာ အဲ့ဒီဦးလေးကို တွေ့တာ။ ဘေးပတ်ဝန်းကျင်က ပြောပြတာက လာပစ်သွားတယ်လို့ပဲပြောတာ။ အိမ်ရှေ့မှာ CCTV ရှိပါတယ်။ ကျွန်တော်လည်း မအားသေးတော့ ပြန်မရှာဖြစ်သေးတာ။ ဒီဦးလေး ပုံစံက လုံးဝအားပြတ်နေတာမို့ သူ့ဘာသာ ဒီနားရောက်လာဖို့ ဘယ်လိုမှ မဖြစ်နိုင်ဘူး” လို့ ပြောပါတယ်။
စွန့်ပစ်ခံရတဲ့ အမျိုးသားကြီးက ရောဂါဖိစီးလို့ ဝေဒနာသည်ဖြစ်ရတာထက် အရက်ကြောင့် ဖြစ်တဲ့ အခြေအနေလို့လည်း ဝိုင်းဝန်း ကူညီသူတွေက ဆိုပါတယ်။ အစာရေစာ ဘာမှ မဝင်တော့ဘဲ သူ ငြိမ်ငြိမ်လေးသာ အိပ်လိုကြောင်း ပြောတယ်လို့လည်း ဆိုပါတယ်။
“လူမှုကူညီရေးအသင်းတွေကို အကူအညီတောင်းတော့ ကြည့်မြင်တိုင်ဘက်က အသင်းက လာကူညီပါတယ်။ ရာသီဥတု အခြေအနေအရ သိပ်မဟန်ဘူးလေ။ စောင်တွေ ဘာတွေ ကူညီထားကြပေမယ့်လည်း ငြိမ်းငြိမ်းချမ်းချမ်းရှိစေချင်တာမို့ပါ။ အသင်းကလည်း သဘာဝတရားရိပ်သာ သွားပို့တယ်။ ဒီမနက်တော့ ဆုံးပြီလို့ ပြန်ပြောပြလာတယ်” လို့ စွန့်ပစ်ခံ အမျိုးသား ရောက်ရှိနေတဲ့ နေအိမ်မှ အိမ်ရှင်က ဆိုပါတယ်။
