နေမိုး
၂၅. ၁၂. ၂၀၂၅
ဆင်ဖြူကျွန်းမြို့ရှိ တပ်စခန်းများကို သိမ်းယူမည်ဖြစ်၍ ပြည်သူများ မြို့မှ ယနေ့ထွက်ခွာရန်နှင့် ကားမှန်ချမောင်းရန် စလင်း PDF အဖွဲ့ဖြစ်သော ပြည်သူ့ကာကွယ်ရေးအဖွဲ့ – စလင်းက ယနေ့ ခရစ္စမတ်နေ့ဖြစ်သော ဒီဇင်ဘာ ၂၅ ရက် ရက်စွဲဖြင့် ခြိမ်းခြောက်စာထုတ်ပြန်လာသည်။
ထုတ်ပြန်စာတွင် “စလင်းမြို့နယ်၊ ဆင်ဖြူကျွန်းမြို့ စကမ တပ်စခန်းများအား တော်လှန်ရေးအင်အားစုများမှ အပြီးသတ် သိမ်းပိုက်သွားမည်ဖြစ်ပါသောကြောင့် ဆင်ဖြူကျွန်းမြို့နေ မိဘပြည်သူများအနေဖြင့် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ၂၅ ရက်နေ့ နံနက် (၈း၀၀) အချိန်မှ ညနေ (၆း၀၀) အတွင်း စလင်းမြို့နယ်ဘက်သို့ ရွှေ့ပြောင်းသွားလာနိုင်ကြောင်း အသိပေးအပ်ပါသည်။ ခရီးသွား ကားများအနေဖြင့် စစ်ကောင်စီယာဉ်တန်းများနှင့် အနီးကပ် မောင်းနှင်လိုက်ပါခြင်းကို အထူးရှောင်ကြဉ်ကြရန် အသိပေးအပ်ပါသည်။”ဟု ဖော်ပြထားသည်ကိုလည်း တွေ့ရသည်။
NUG ဩဇာခံ PDF များက ဆင်ဖြူကျွန်းပြည်သူများကို မြို့မှ ယနေ့နံနက် ၈ နာရီတွင် စတင်ထွက်ခွာရန် ယနေ့နံနက် ၉ နာရီကျော်အချိန်မှ စာထုတ်လာသော်လည်း ဆင်ဖြူကျွန်းမြို့သိမ်းတိုက်ပွဲများကို ဒီဇင်ဘာ ၂၃ ရက်ကတည်းက စတင်တိုက်ခိုက်နေ၍ ပြည်သူများ ပိတ်မိနေသည်။ ထို့အပြင် NUG, PDF နှင့် EAOs တို့၏ ယခင်မြို့သိမ်းတိုက်ပွဲများနည်းတူ PDF များက မြို့ပြင်မှ မြို့တွင်းရှိ တပ်စခန်းများကို လာရောက်တိုက်ခိုက်နေခြင်းဖြစ်၍ ပိတ်မိနေသောဆင်ဖြူကျွန်းမြို့နေပြည်သူများ တိုက်ပွဲအကြားတွင် သေဆုံးဒဏ်ရာရမှုများလည်း ဖြစ်ပွားနေသည်။

