◾ SKD စနစ်ကို အသုံးပြုခြင်းဖြင့် EV သုံးစွဲသူတို့အတွက် စျေးနှုန်းချိုသာစေပြီး ရေရှည်အာမခံချက် ပိုမိုခိုင်မာစေကာ အလုပ်အကိုင်အခွင့်အလမ်းများကို ဖော်ဆောင်နိုင်မည်
၂၅. ၁၂. ၂၀၂၅
Written by Nyein Kyaw
နိုင်ငံ့ EV ကဏ္ဍ အမှန်တကယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဌာနများအပါအဝင် EV Stakeholders များအားလုံး တက်ညီလက်ညီ ပူးပေါင်းကြိုးပမ်း ဆောင်ရွက်သွားရန်လိုအပ်ကြောင်း လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်ပစ္စည်းများ သုတေသနဖွံ့ဖြိုးရေးနှင့် နည်းပညာပြန့်ပွားရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျက ပြောကြားသည်။
ယမန်နေ့တွင် ပြုလုပ်သည့် ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်၊ သာဓုကန်စက်မှုဇုန်ရှိ အားသစ်မာန် စွမ်းအားသစ်ကုမ္ပဏီလီမိတက်၏ လျှပ်စစ်သုံးယာဉ် (Electric Vehicle, EV) များကို Semi Knocked Down (SKD) စနစ်ဖြင့် တပ်ဆင်ထုတ်လုပ်သည့် စက်ရုံဖွင့်ပွဲတွင် ဒုတိယဝန်ကြီးက ပြောကြားခဲ့ခြင်းဖြစ်သည်။
အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးဆောင်ကော်မတီက နိုင်ငံတော်တွင် နိုင်ငံတကာနှင့် ရင်ပေါင်တန်းနိုင်ကာ EV ကဏ္ဍဖွံ့ဖြိုးတိုးတက်မှုမှသည် အဖိုးတန် သဘာဝပတ်ဝန်းကျင်များကို ထိန်းသိမ်းနိုင်ရေး၊ Smart Transportation မှ Smart City များ ဖြစ်ထွန်းလာရေး၊ စက်သုံးဆီကုန်ကျစရိတ်များ လျှော့ချနိုင်ရေး၊ ကျန်းမာရေးကောင်းမွန်စေရေး စသည့်ကောင်းကျိုးဆုလာဘ်များကို ပြည်သူတို့ရရှိစေမည်ဖြစ်ကြောင်း ဒုတိယဝန်ကြီးက ပြောကြားသည်။
ယင်းကဲ့သို့ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်သော နိုင်ငံ့အနာဂတ်ကောင်းများကို ဖော်ဆောင်နိုင်ရေးတို့အတွက် ၂၀၅၀ ပြည့်နှစ်အထိ လမ်းပြမြေပုံနှင့် မူဝါဒများ ချမှတ်ဆောင်ရွက်နေရာ EV ကို SKD စနစ်ဖြင့် ထုတ်လုပ်မှုလည်း ပါဝင်ကြောင်း ဒုတိယဝန်ကြီးက ပြောကြားသည်။
SKD စနစ်ကို အသုံးပြုခြင်းဖြင့် EV သုံးစွဲသည့် ပြည်သူတို့အတွက် စျေးနှုန်းချိုသာစေပြီး ရေရှည်အာမခံချက် ပိုမိုခိုင်မာစေကာ အလုပ်အကိုင်အခွင့်အလမ်းများကို ဖော်ဆောင်နိုင်၍ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်မှုကို တစ်တပ်တစ်အား အထောက်အကူပြုနိုင်ကြောင်း ဒုတိယဝန်ကြီးက ပြောကြားသည်။
ထို့ပြင် EV နည်းပညာမြှင့်တင်နိုင်မှုနှင့် နိုင်ငံ့ EV ရည်မှန်းချက်များ ပြည့်မီစေနိုင်ကြောင်း၊ ထုတ်လုပ်သူအတွက်လည်း စျေးကွက်အတွင်း လျင်မြန်စွာ ဝင်ရောက်ဖြန့်ဖြူးရောင်းချနိုင်မှု၊ Brand ခိုင်မာမှု၊ ဒေသတွင်းလိုအပ်ချက်နှင့်အညီ ထုတ်လုပ်နိုင်မှု၊ ထုတ်လုပ်ရေးကွင်းဆက်ချိန်ညှိနိုင်မှု၊ ရေရှည်ရပ်တည်သွားနိုင်မှု စသည့်အားသာချက်များကို ရရှိနိုင်ကြောင်း ဒုတိယဝန်ကြီးက ပြောကြားသည်။
သို့ဖြစ်ရာ ဦးဆောင်ကော်မတီ၏ ညွှန်ကြားချက်များအတိုင်း ပြည်တွင်း EV ထုတ်လုပ်မှုလုပ်ငန်းများ အရှိန်မြှင့်တင်နိုင်ပြီး နိုင်ငံ့ EV ကဏ္ဍ အမှန်တကယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဌာနများအပါအဝင် EV Stakeholders များအားလုံး တက်ညီလက်ညီ ပူးပေါင်းကြိုးပမ်း ဆောင်ရွက်သွားရန်လိုအပ်ကြောင်း ဒုတိယဝန်ကြီးက တိုက်တွန်းမှာကြားသည်။
