သက်တံ့
၂၅. ၁၂. ၂၀၂၅
ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ဝင်ငွေနည်းပါးသော လူငယ်များနှင့် အသေးစားလုပ်ငန်းရှင်များအတွက် အလုပ်အကိုင် အခွင့်အလမ်းများ၊ ပိုမိုကောင်းမွန်သော ဝင်ငွေများ ဖန်တီးပေးနိုင်ရန် ကမ္ဘာ့ဘဏ်က အမေရိကန်ဒေါ်လာ ၁၅၀ ဒသမ ၇၅ သန်း ထပ်မံအတည်ပြု ထောက်ပံ့ပေးလိုက်သည်။
ယင်းအကူအညီတွင် အမျိုးသမီးများနှင့် ရာသီဥတုဖောက်ပြန်မှုဒဏ် အလွယ်တကူ ခံစားရသော ဒေသများ၌ နေထိုင်သူများကို အဓိကထား ကူညီသွားမည်ဖြစ်သည်။
အလွတ်သဘောကဏ္ဍ အလုပ်အကိုင်များ ပြန်လည်ကောင်းမွန်လာစေရေးနှင့် မြှင့်တင်ရေး (RAISE) စီမံကိန်းအတွက် ယခုထပ်မံဖြည့်တင်းလိုက်သော ရန်ပုံငွေသည် ဘင်္ဂလားဒေ့ရှ်တစ်ဝှမ်းရှိ လူငယ်ပေါင်း ၁၇၆,၀၀၀ ခန့်ကို အလုပ်အကိုင်နှင့် ဝင်ငွေအခွင့်အလမ်းများ ဖန်တီးပေးနိုင်မည်ဖြစ်သည်။ ယခင်က အကျိုးခံစားခွင့်ရရှိသူ ၂၃၃,၀၀၀ ဦးသာ ရှိခဲ့ရာမှ ယခုအခါ အရေအတွက် ပိုမိုတိုးပွားလာခြင်းဖြစ်ကြောင်း ဝါရှင်တန်အခြေစိုက် ကမ္ဘာ့ဘဏ်၏ ဗုဒ္ဓဟူးနေ့ ထုတ်ပြန်ချက်အရ သိရသည်။


”ကောင်းမွန်တဲ့ အလုပ်အကိုင်တစ်ခုဟာ လူတစ်ယောက်ရဲ့ ဘဝ၊ မိသားစုနဲ့ လူမှုပတ်ဝန်းကျင်ကို ပြောင်းလဲပေးနိုင်ပါတယ်။ ဒါပေမဲ့ နှစ်စဉ်နှစ်တိုင်း ဘင်္ဂလားဒေ့ရှ်လူငယ် အများအပြားဟာ အလုပ်သမားဈေးကွက်ထဲ ဝင်ရောက်လာကြပေမဲ့ အလုပ်မရရှိကြပါဘူး။ နိုင်ငံအတွင်းမှာ အလုပ်အကိုင် အရည်အသွေးပိုင်း၊ ကျွမ်းကျင်မှု လိုအပ်ချက်ပိုင်းနဲ့ ကိုက်ညီမှုမရှိတဲ့ စိန်ခေါ်မှုတွေလည်း ရှိနေပါတယ်” ဟု ဘင်္ဂလားဒေ့ရှ်နှင့် ဘူတန်နိုင်ငံဆိုင်ရာ ကမ္ဘာ့ဘဏ်၏ ယာယီဌာနခွဲညွှန်ကြားရေးမှူး Gayle Martin က ပြောကြားခဲ့သည်။
၎င်းက ဆက်လက်၍ “ဒီထပ်ဆောင်း ရန်ပုံငွေဟာ ဝင်ငွေနည်းတဲ့ မိသားစုတွေက လူငယ်တွေ၊ အထူးသဖြင့် အမျိုးသမီးတွေနဲ့ ထိခိုက်လွယ်တဲ့ လူမှုအသိုက်အဝန်းကလူတွေအတွက် ဈေးကွက်နဲ့ ကိုက်ညီတဲ့ ကျွမ်းကျင်မှုတွေ၊ အရင်းအမြစ်တွေနဲ့ သင်တန်းတွေကို ရရှိစေမှာဖြစ်ပြီး ပိုမိုကောင်းမွန်တဲ့ အလုပ်အကိုင်နဲ့ လူနေမှုဘဝ အခွင့်အလမ်းတွေကို ဖန်တီးပေးနိုင်မှာပါ” ဟု ဆိုသည်။


ယခုထပ်ဆောင်းရန်ပုံငွေသည် အလုပ်အကိုင်ပြပွဲများ ကျင်းပခြင်း၊ အလုပ်ရှင်နှင့် အလုပ်ရှာဖွေသူများကို ချိတ်ဆက်ပေးခြင်း၊ စျေးကွက်ရှာဖွေရေးနှင့် စာချုပ်ချုပ်ဆိုမှုဆိုင်ရာ ဆွေးနွေးညှိနှိုင်းမှုများတွင် ကူညီပေးခြင်း စသည့် အလုပ်အကိုင် ကြားခံစေ့စပ်ပေးမှု လုပ်ငန်းစဉ်များကိုလည်း ပံ့ပိုးပေးသွားမည်ဖြစ်သည်။
”RAISE စီမံကိန်းဟာ လူငယ်တွေနဲ့ အသေးစားလုပ်ငန်းရှင်တွေအတွက် ထိရောက်တဲ့ အပြောင်းအလဲတွေ ဖန်တီးပေးနိုင်တယ်ဆိုတာ သက်သေပြခဲ့ပြီးဖြစ်ပါတယ်”ဟု စီမံကိန်းအဖွဲ့ခေါင်းဆောင် Aneeka Rahman က ပြောကြားခဲ့သည်။
ယခုထပ်မံတိုးမြှင့်လိုက်သော ရန်ပုံငွေအပါအဝင် RAISE စီမံကိန်းအတွက် ကမ္ဘာ့ဘဏ်၏ စုစုပေါင်းထောက်ပံ့မှုမှာ အမေရိကန်ဒေါ်လာ ၃၅၀ ဒသမ ၇၅ သန်းအထိ ရှိလာပြီဖြစ်သည်။
Ref: Xinhua

