၂၀.၁၂.၂၀၂၅
Written by Linn Eain
စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး တက္ကသိုလ်ဝင်စာမေးပွဲ ၂၀၂၆ ခုနှစ်၊ မတ်လတွင် ကျင်းပမည်ဖြစ်ပြီး ဖြေဆိုခွင့်လျှောက်လွှာများကို ဒီဇင်ဘာ ၂၂ ရက်တွင် စတင်ရောင်းချပေးမည်ကြောင်း မြန်မာနိုင်ငံစာစစ်ဦးစီးဌာနက ဒီဇင်ဘာ ၂၀ ရက်တွင် ထုတ်ပြန်ကြေညာသည်။
အဆိုပါ စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုခွင့်လျှောက်လွှာများကို နေပြည်တော်၊ ရုံးအမှတ် (၅၂)ရှိ မြန်မာနိုင်ငံစာစစ်ဦးစီးဌာန(ရုံးချုပ်)နှင့် ရန်ကုန်မြို့၊ လှိုင်မြို့နယ် (၁၂) ရပ်ကွက်၊ ပါရမီလမ်းရှိ မြန်မာနိုင်ငံ စာစစ်ဦးစီးဌာန (ရန်ကုန်ရုံးခွဲ)တို့တွင် ဒီဇင်ဘာလ (၂၂) ရက်ကစ၍ ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် စာမေးပွဲဖြေဆိုခွင့်လျှောက်လွှာများကို မိမိတို့ကိုယ်တိုင် ပြည့်စုံမှန်ကန်စွာ ဖြည့်စွက်၍ သက်ဆိုင်ရာအခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်းကျောင်းအုပ်ကြီး မှတစ်ဆင့် မြန်မာနိုင်ငံစာစစ်ဦးစီးဌာနသို့ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ (၉) ရက်နောက်ဆုံးထားလျှောက်ထားရမည်ဖြစ်ကြောင်း ကြေညာထားသည်။
အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်းများတွင် စက်မှုအတတ်ပညာ၊ စိုက်ပျိုးရေး အတတ်ပညာ၊ မွေးမြူရေးအတတ်ပညာ ဘာသာတွဲများဖြင့် တတိယနှစ် (Grade 12 အဆင့်) တက်ရောက်ပညာသင်ကြားနေ သော ကျောင်းသား၊ ကျောင်းသူများအတွက် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး တက္ကသိုလ်ဝင်စာမေးပွဲကို ၂၀၂၆ ခုနှစ်၊ မတ်လတွင် ကျင်းပစစ်ဆေးသွားမည်ဟုသာ ကြေညာထားပြီး စာမေးပွဲပြုလုပ်မည့်ရက်ကိုမှု ထုတ်ပြန်ကြေညာခြင်းမပြုသေးသည်ကို တွေ့ရှိရသည်။
နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်နှင့်အညီ အရည်အသွေးပြည့်၀သည့် အသက်မွေး ၀မ်းကျောင်းပညာရေးနှင့် ချိတ်ဆက်ပေါင်းကူးနိုင်ရန် ရည်ရွယ်၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း၀န်ကြီးဌာန၊ ပညာရေး၀န်ကြီးဌာနနှင့် သိပ္ပံနှင့်နည်းပညာ၀န်ကြီးဌာနတို့ ပူးပေါင်း၍ အခြေခံပညာတွင် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးကျောင်းများကို ၂၀၂၃-၂၀၂၄ ခုနှစ်မှ စတင်ဖွင့်လှစ်ခဲ့ရာ ယခုအခါတွင် ၈၉ ကျောင်း ဖွင့်လှစ်ထားရှိပြီးဖြစ်ပြီး Grade-10 တွင် ကျောင်းသား၊ ကျောင်းသူ ငါးထောင်ကျော်၊ Grade -11 တွင် ကျောင်းသား၊ ကျောင်းသူ ငါးထောင်ကျော်နှင့် Grade -12 တွင် ကျောင်းသား၊ကျောင်းသူ သုံးထောင်ကျော် တက်ရောက်လျက်ရှိကြောင်း သိရသည်။
