သက်တံ့
၂၀.၁၂.၂၀၂၅
အမေရိကန်ဝန်ထမ်းများ သေဆုံးစေခဲ့သည့် တိုက်ခိုက်မှုအပေါ် လက်တုံ့ပြန်သည့်အနေဖြင့် ဆီးရီးယားအလယ်ပိုင်းရှိ အစ္စလာမ်မစ်အစွန်းရောက် အကြမ်းဖက်အဖွဲ့ IS ပစ်မှတ် ဒါဇင်ပေါင်းများစွာကို လေကြောင်းမှ အကြီးအကျယ် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း အမေရိကန်တာဝန်ရှိသူများက ပြောကြားခဲ့သည်။
ပြီးခဲ့သည့် သီတင်းပတ်ကုန်က ပါလ်မိုင်ရာ (Palmyra) မြို့အနီး တိုက်ခိုက်မှုအတွင်း အမေရိကန်စစ်သည် နှစ်ဦးနှင့် အရပ်သားစကားပြန် တစ်ဦး သေဆုံးခဲ့ပြီးနောက် သမ္မတထရမ့်ပ်၏ လက်တုံ့ပြန်မည်ဟူသော ကတိစကားနှင့်အညီ ယခုတိုက်ခိုက်မှုများ ပေါ်ပေါက်လာခြင်းဖြစ်သည်။
Operation Hawkeye Strike (သိန်းငှက်မျက်လုံးစစ်ဆင်ရေး) ဟု အမည်ပေးထားသော ယခုစစ်ဆင်ရေးတွင် အမေရိကန်တပ်ဖွဲ့များသည် သောကြာနေ့က ဆီးရီးယားရှိ IS ပစ်မှတ် ၇၀ ကျော်ကို တိုက်ခိုက်ခဲ့သည်။ သမ္မတထရမ့်ပ်က ၎င်းကို အမေရိကန်နိုင်ငံသား သုံးဦးအသက်ဆုံးရှုံးခဲ့ရမှုအတွက် “အလွန်ပြင်းထန်သော လက်တုံ့ပြန်မှု” ဟု ဖော်ပြခဲ့သည်။

◾ တိုက်ခိုက်မှု အသေးစိတ်
ဝါရှင်တန်၏ ထုတ်ပြန်ချက်အရ ယူနက်စကို (UNESCO) စာရင်းဝင် ရှေးဟောင်းနေရာများရှိရာ ပါလ်မိုင်ရာမြို့၌ ဒီဇင်ဘာ ၁၃ ရက်က စစ်သွေးကြွတစ်ဦးက သေနတ်ဖြင့် တစ်ကိုယ်တော်ဝင်ရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး ယင်းဖြစ်စဉ်ကြောင့် အမေရိကန်စစ်သည်နှစ်ဦးနှင့် အရပ်သားတစ်ဦး သေဆုံးခဲ့ရသည်။ ယင်းကို တုံ့ပြန်သည့်အနေဖြင့် အမေရိကန်ဗဟိုစစ်ဌာနချုပ် (CENTCOM) က ဆီးရီးယားအလယ်ပိုင်းရှိ နေရာအများအပြားကို တိုက်လေယာဉ်များ၊ တိုက်ခိုက်ရေးဟယ်လီကော်ပတာများနှင့် အမြောက်များအသုံးပြုကာ တိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။
“ဒီစစ်ဆင်ရေးမှာ IS အဖွဲ့ရဲ့ အခြေခံအဆောက်အအုံတွေနဲ့ လက်နက်သိုလှောင်ရုံတွေကို ပစ်မှတ်ထားပြီး တိကျသေချာတဲ့ ခဲယမ်းမီးကျောက် (Precision Munitions) ၁၀၀ ကျော် အသုံးပြုခဲ့တယ်” ဟု CENTCOM က ဆိုသည်။
သမ္မတထရမ့်ပ်ကလည်း ၎င်း၏ Truth Social ကွန်ရက်တွင် “ကျွန်တော် ကတိပေးထားတဲ့အတိုင်း တာဝန်ရှိတဲ့ လူသတ်အကြမ်းဖက်သမားတွေကို အလွန်ပြင်းထန်တဲ့ လက်တုံ့ပြန်မှုတွေ လုပ်ဆောင်နေပါပြီ။ အမေရိကန်တွေကို တိုက်ခိုက်တဲ့သူတွေဟာ အရင်က တစ်ခါမှမကြုံဖူးတဲ့ ပြင်းထန်တဲ့ ရိုက်နှက်မှုမျိုးကို ခံစားရလိမ့်မယ်” ဟု ရေးသားခဲ့သည်။
◾ လုံခြုံတဲ့ခိုလှုံရာ မရှိစေရ
ဆီးရီးယားနိုင်ငံခြားရေးဝန်ကြီးဌာနက သောကြာနေ့ တိုက်ခိုက်မှုအပေါ် တိုက်ရိုက်မှတ်ချက်မပေးသော်လည်း IS အဖွဲ့ကို တိုက်ဖျက်ရန်နှင့် ဆီးရီးယားပိုင်နက်အတွင်း ၎င်းတို့အတွက် လုံခြုံသောခိုလှုံရာနေရာ လုံးဝမရှိစေရန် ဆက်လက်လုပ်ဆောင်သွားမည်ဟု X (ယခင် Twitter) တွင် ဖော်ပြခဲ့သည်။
ပါလ်မိုင်ရာတိုက်ခိုက်မှုတွင် သေဆုံးခဲ့သည့် အမေရိကန်နိုင်ငံသားများမှာ အိုင်အိုဝါ (Iowa) ပြည်နယ် အမျိုးသားအစောင့်တပ်မှ တပ်ကြပ်ကြီး ဝီလျံဟောင်းဝပ် (William Howard) နှင့် အက်ဒ်ဂါ တောရက်စ် တိုဗာ (Edgar Torres Tovar) တို့ဖြစ်ပြီး၊ စကားပြန်အဖြစ် တာဝန်ထမ်းဆောင်သည့် မီချီဂန်ပြည်နယ်မှ အရပ်သား အာယတ်တ် မန်ဆူးရ် ဆာကတ် (Ayad Mansoor Sakat) လည်း ပါဝင်သေဆုံးခဲ့သည်။
သမ္မတထရမ့်ပ်၊ ကာကွယ်ရေးဝန်ကြီး ပီတီဟက်ဆက်နှင့် စစ်ဘက်ဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများက ဗုဒ္ဓဟူးနေ့တွင် ကျင်းပသည့် ရုပ်အလောင်းများ ပြန်လည်ရောက်ရှိလာမှု ဂုဏ်ပြုအခမ်းအနားသို့ တက်ရောက်ခဲ့ကြသည်။
ယခုတိုက်ခိုက်မှုသည် ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလအတွင်းက ကာလရှည်အုပ်ချုပ်ခဲ့သူ ဘာရှားအယ်လ်အာဆတ် ရာထူးမှ ဖယ်ရှားခံရပြီးနောက်ပိုင်း ပထမဆုံးအကြိမ် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
တိုက်ခိုက်သူမှာ အစွန်းရောက်အစ္စလာမ်ဝါဒီ အတွေးအခေါ်များကြောင့် အလုပ်မှထုတ်ပယ်ရန် သတ်မှတ်ထားခြင်းခံရသည့် လုံခြုံရေးတပ်ဖွဲ့ဝင်ဟောင်းတစ်ဦး ဖြစ်ကြောင်း ဆီးရီးယားပြည်ထဲရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ နော်ရက်ဒင်းအယ်လ်ဘာဘာက ပြောကြားခဲ့သည်။
တိုက်ခိုက်ခံရသည့် အမေရိကန်ဝန်ထမ်းများသည် ၂၀၁၄ ခုနှစ်က ဆီးရီးယားနှင့် အီရတ်ပိုင်နက် အများအပြားကို သိမ်းပိုက်ခဲ့သော IS အဖွဲ့ကို တိုက်ဖျက်ရန် ဖွဲ့စည်းထားသည့် “Operation Inherent Resolve” နိုင်ငံတကာမဟာမိတ်တပ်ဖွဲ့ကို ကူညီပံ့ပိုးပေးနေသူများ ဖြစ်သည်။

ကာကွယ်ရေးဝန်ကြီး ပိတ်သ် ဟက်ဆက်က ဒီဇင်ဘာ ၁၉ ရက်တွင် ၎င်း၏ X လူမှုကွန်ရက်မှတစ်ဆင့် “ဒီကနေ့ အစောပိုင်းမှာ ဆီးရီးယားရှိ IS တိုက်ခိုက်ရေးသမားတွေ၊ အခြေခံအဆောက်အအုံတွေနဲ့ လက်နက်သိုလှောင်ရုံတွေကို ချေမှုန်းဖို့ ‘OPERATION HAWKEYE STRIKE’ ကို စတင်လိုက်ပါပြီ။ ဒါဟာ ဒီဇင်ဘာ ၁၃ ရက်က ပါလ်မိုင်ရာမှာ အမေရိကန်တပ်ဖွဲ့တွေ တိုက်ခိုက်ခံရမှုကို တိုက်ရိုက်လက်တုံ့ပြန်တာ ဖြစ်ပါတယ်။ ဒါဟာ စစ်ပွဲတစ်ခုရဲ့ အစမဟုတ်ပါဘူး…” ဟု ရေးသားဖော်ပြခဲ့သည်။
ဂျီဟတ်ဝါဒီ (IS) များသည် နိုင်ငံတကာလေကြောင်းတိုက်ခိုက်မှုများနှင့် အခြားပံ့ပိုးမှုများကို ရယူထားသည့် ဒေသခံမြေပြင်တပ်ဖွဲ့များကြောင့် စစ်ရှုံးသွားခဲ့သော်လည်း ဆီးရီးယားနိုင်ငံ၏ ကျယ်ပြောလှသော သဲကန္တာရဒေသများတွင် ယနေ့တိုင် အကြွင်းအကျန်များ ရှိနေဆဲဖြစ်သည်။
သမ္မတထရမ့်ပ်သည် ဆီးရီးယားတွင် အမေရိကန်တပ်များ ရှိနေခြင်းအပေါ် ယခင်ကတည်းက သံသယရှိခဲ့သူဖြစ်ပြီး ၎င်း၏ ပထမသက်တမ်းအတွင်းက တပ်ဖွဲ့ဝင်များရုပ်သိမ်းရန် အမိန့်ပေးခဲ့ဖူးသော်လည်း နောက်ဆုံးတွင် အမေရိကန်တပ်များ ဆီးရီးယား၌ ဆက်ရှိနေခဲ့သည်။
အမေရိကန်သည် ဆီးရီးယားရှိ ၎င်း၏တပ်ဖွဲ့ဝင်အရေအတွက်ကို လာမည့်လများအတွင်း ထက်ဝက်လျှော့ချသွားမည်ဖြစ်ကြောင်း ပင်တဂွန်စစ်ဌာနချုပ်က ဧပြီလတွင် ကြေညာခဲ့သည်။ ထို့အပြင် ဆီးရီးယားဆိုင်ရာ အမေရိကန်အထူးကိုယ်စားလှယ် တွမ်ဘာရက်ခ်ကလည်း ဝါရှင်တန်အနေဖြင့် ဆီးရီးယားရှိ စစ်အခြေစိုက်စခန်းများကို နောက်ဆုံးတွင် တစ်ခုတည်းအထိ လျှော့ချသွားမည်ဖြစ်ကြောင်း ဇွန်လတွင် ပြောကြားခဲ့သည်။
လက်ရှိအချိန်တွင် အမေရိကန်တပ်ဖွဲ့များသည် ဆီးရီးယားနိုင်ငံ မြောက်ပိုင်းရှိ ကာ့ဒ်တို့ထိန်းချုပ်ရာဒေသများနှင့် ဂျော်ဒန်နယ်စပ်အနီးရှိ အယ်လ်တန့်ဖ် (Al-Tanf) ဒေသတို့တွင် အခြေစိုက် တပ်ဖြန့်ထားဆဲဖြစ်သည်။
Ref: FRANCE 24 with AP, Reuters and AFP
