၂၀.၁၂.၂၀၂၅
Written by Nay Yaung Lin
ပြည်သူများကို အထိုက်အလျောက်ကိုယ်စားပြု၍ ပြောဆိုပေးနိုင်သည့် အင်အားစုများ လွှတ်တော်ထဲ ရောက်ရှိရန်အတွက် ကြိုးစားနေခြင်းဖြစ်ပြီး လောဘတကြီး အာဏာငမ်းငမ်းတက်၍ ကြိုးစားနေခြင်းမဟုတ်ကြောင်း ပြည်သူ့ပါတီ ဥက္ကဋ္ဌ ဦးကိုကိုကြီးက ဗိုလ်တထောင်မြို့နယ်တွင် ယနေ့ပြုလုပ်ခဲ့သည့် အောင်နိုင်ရေးဆိုင်းဘုတ်ဖွင့်ပွဲ၌ ပြောကြားခဲ့သည်။
ပြည်သူ့ပါတီကိုယ်စားပြု၍ ဗိုလ်တထောင်မြို့နယ်တွင် ဝင်ရောက်ယှဉ်ပြိုင်မည့် လွှတ်တော်ကိုယ်စားလောင်းများ၏ အောင်နိုင်ရေးဆိုင်းဘုတ်ဖွင့်ပွဲကို သိမ်ဖြူလမ်းနှင့် ကုန်သည်လမ်းထောင့်ရှိ လမ်းဘေးပလက်ဖောင်းပေါ်၌ ဒီဇင်ဘာ ၂၀ ရက်၊ နံနက် ၉ နာရီခွဲတွင် ပြုလုပ်ခဲ့ပြီး ပါတီဥက္ကဋ္ဌ ဦးကိုကိုကြီးနှင့် ပါတီတာဝန်ရှိသူများ၊ လွှတ်တော်ကိုယ်စားလှယ်လောင်းများနှင့် ပါတီဝန်းရံသူများ တက်ရောက်ခဲ့ကြသည်။
ပြည်သူ့ပါတီ ဥက္ကဌ ဦးကိုကိုကြီးက ” ဘာပဲပြောပြော ဒီရွေးကောက်ပွဲကနေတစ်ဆင့် ပြည်သူတွေကို အထိုက်အလျောက်။ ကျွန်တော်ပြောတာ အထိုက်အလျောက်ကိုပြောတာ။ အထိုက်အလျောက်ကိုယ်စားပြုပေးနိုင်တဲ့၊ ပြည်သူတွေကိုယ်စား ပြောပေး၊ ဆိုပေးနိုင်တဲ့ အင်အားစုတွေ လွှတ်တော်ထဲရောက်သွားအောင် ကျွန်တော်တို့ကြိုးစားနေတာ။ လောဘတကြီးနဲ့ အာဏာငမ်းငမ်းတက်ပြီးတော့ ကြိုးစားနေတာ မဟုတ်ဘူး ” ဟု အဆိုပါအောင်နိုင်ရေးဆိုင်းဘုတ်ဖွင့်ပွဲတွင် အမှာစကားပြောကြားရာမှာ ထည့်သွင်း ပြောကြားခဲ့သည်။





ထို့နောက် ဗိုလ်တထောင်မြို့နယ်တွင် ဝင်ရောက်ယှဉ်ပြိုင်မည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများကို တစ်ဦးချင်းမိတ်ဆက်ပေးခဲ့ပြီး ကြောက်ရွံ့ခြင်း၊ နားမလည်သည့်ကိစ္စများကို ကိုယ်စားပြု၍
ပြောဆိုရန်၊ ခိုင်းစေရန်အတွက် ပြည်သူများကို
အပ်နှံကြောင်း ဦးကိုကိုကြီးက ဆက်လက်ပြောကြားသည်။
“မဲဆန္ဒရှင်ပြည်သူများအနေနဲ့ စတင်ဖွဲ့စည်း တည်ထောင်စဉ်ကတည်းက နိုင်ငံရေးရပ်တည်ချက်၊ ယုံကြည်ချက်မျာကို ခိုင်ခိုင်မာမာနဲ့ ရပ်တည်ခဲ့တဲ့ ပါတီတစ်ခုဖြစ်တဲ့အတွက်ကြောင့်မို့ ကျွန်တော်တို့ကိုယ်စားလှယ်လောင်းများကို ကိုယ်မပြောရဲဘူးဖြစ်နေရင် သူတို့ကတစ်ဆင့် ပြောခိုင်းပါ။နားမလည်ဘူးဖြစ်နေရင် ပါတီကိုယ်စားလှယ်များကတစ်ဆင့်၊ ကျွန်တော်တို့ပါတီရုံးခန်းများကတစ်ဆင့် မေးမြန်းပါ။ ကျွန်တော်တို့ ဥပဒေပိုင်းဆိုင်ရာ ပံ့ပိုးကူညီပေးပါတယ်။ အဲဒီတော့ ကြောက်ရွံ့တာတွေ၊ နားမလည်တဲ့ကိစ္စတွေကို ကိုယ်စားပြုပြီးတော့ ပြောဆိုဖို့၊ ခိုင်းစေဖို့အတွက် ပြည်သူတွေကို အပ်နှံတာဖြစ်ပါတယ်။ အဲဒီတော့ ပြည်သူတွေနဲ့ တကယ့်ကို ယုံယုံကြည်ကြည်နဲ့ ပြည်သူ့ပါတီကိုယ်စားလောင်းများကို ခိုင်းစေကြဖို့ အပ်နှံတာဖြစ်ပါတယ်” ဟု ဦးကိုကိုကြီးက ပြောကြားခဲ့သည်။
ပြည်သူ့ပါတီမှ ဗိုလ်တထောင်မြို့နယ်တွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးအောင်ဆန်းလွင်၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်း ဦးစိန်မြိုင်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်လောင်း(FPTP) ဒေါ်ခင်မျိုးထက်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်လောင်း (PR) ဦးဉာဏ်ထွန်းလှိုင်တို့က ဝင်ရောက်ယှဉ်ပြိုင်မည် ဖြစ်ကြောင်း သိရသည်။
