၂၀. ၁၂. ၂၀၂၅
Written by Nyein Kyaw
နိုင်ငံတော်၏ စိုက်ပျိုးရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးနှင့် နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေး အထောက်အပံ့အဖြစ် ရုရှားနိုင်ငံ RUMA Organic ကုမ္ပဏီနှင့် အောင်သန်းထိုက် Agriculture Development ကုမ္ပဏီတို့ ပူးပေါင်းဆောင်ရွက်သည့် ရုရှား – မြန်မာ သဘာဝရွက်ဖျန်းမြေဩဇာစက်ရုံ ပန္နက်တင်မင်္ဂလာနှင့် အကျိုးတူပူးပေါင်းဆောင်ရွက်ခြင်း အခမ်းအနားကို ယမန်နေ့တွင် နေပြည်တော်ကောင်စီနယ်မြေ ဇမ္ဗူသီရိမြို့နယ် အလျင်လိုကျေးရွာအုပ်စု အကွက်အမှတ်(၁၆၆၂)၌ ကျင်းပခဲ့သည်။
အခမ်းအနားသို့ နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန(၃) ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်တင့်၊ နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန(၄) ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံ၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝါဝါမောင်၊ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ ဒုတိယဝန်ကြီးများ၊ FUND RC-Investments မှ မြန်မာနိုင်ငံဆိုင်ရာ ကိုယ်စားလှယ် Mr. Artemi Alimov ၊ မြန်မာနိုင်ငံဆိုင်ရာ ရုရှားသံရုံးမှ Embassy Counsellor Mr. Andrei Lunak နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ RUMA Organic ကုမ္ပဏီနှင့် အောင်သန်းထိုက်ကုမ္ပဏီတို့မှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးက မြန်မာနိုင်ငံ၏ စိုက်ပျိုးရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးနှင့် တောင်သူလယ်သမားများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးကို ရေရှည်အထောက်အကူပြုမည့် အရေးပါသည့်စီမံကိန်းတစ်ခု၏ ကနဦးခြေလှမ်းဖြစ်ကြောင်း၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ရော့စ်ကွန်ဂရက်ရင်းနှီးမြှုပ်နှံမှုရန်ပုံငွေအဖွဲ့ (FUND RC-Investments)၏ RUMA Organic ကုမ္ပဏီအနေဖြင့် ပျဉ်းမနားခရိုင်၊ နေပြည်တော်ကောင်စီနယ်မြေတွင် သဘာဝရွက်ဖျန်းမြေဩဇာများ တင်သွင်းထုတ်လုပ် ဖြန့်ဖြူးရောင်းချခြင်းလုပ်ငန်း ဆောင်ရွက်နိုင်ရန်အတွက် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်က ခွင့်ပြုပေးခဲ့ကြောင်း ပြောကြားသည်။
ဤစီမံကိန်းအပေါ် မိမိတို့ ယာယီသမ္မတက အထူးအလေးထားပြီး မြန်မာ-ရုရှား နှစ်နိုင်ငံ ခိုင်မာသည့်ချစ်ကြည်ရင်းနှီးမှုနင့် ပူးပေါင်းဆောင်ရွက်မှုကိုပြသရန် အခွင့်အရေးတစ်ရပ် ဖြစ်သည့်အတွက် စက်ရုံကို သတ်မှတ်ထားသည့် အချိန်ကာလအတွင်း အမြန်ဆုံးဆောက်လုပ်နိုင်ရေး အထူးအလေးထား ဆောင်ရွက်စေလိုကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။
သဘာဝမြေဩဇာရွက်ဖျန်းအားဆေးရည်ကို ပြည်တွင်းတွင် ထုတ်လုပ်နိုင်မှုကြောင့် စိုက်ပျိုးရေးလုပ်ငန်းရှင်များနှင့် တောင်သူလယ်သမားများ ကုန်ကျစရိတ်လျော့နည်းစေမည်ဖြစ်ပြီး နိုင်ငံခြားငွေသုံးစွဲမှု လျှော့ချစေနိုင်မည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။
ရုရှား-မြန်မာ ပူပေါင်းဆောင်ရွက်မှုဖြစ်သည့် အဆိုပါ ရွက်ဖျန်းမြေဩဇာစက်ရုံ တည်ဆောက်ရေး စီမံကိန်းအား ယခုဒီဇင်ဘာလတွင် စတင်နိုင်ရေးနှင့် တစ်နှစ်အတွင်း ပြီးမြောက်အောင် ဆောင်ရွက်နိုင်ရေးတိုအတွက် မြန်မာ-ရုရှားနှစ်နိုင်ငံမှ တာဝန်ရှိသူများ ယခုဒီဇင်ဘာလ ၃ ရက်တွင် ဆွေးနွေးခဲ့မှုမှ သိရသည်။
