၂၀. ၁၂. ၂၀၂၅
Written by Nyein Kyaw
သီလဝါတွင် ဆိုက်ကပ်ထားသော LNG သိုလှောင်သင်္ဘောမှရရှိသည့် LNG ဖြင့် သန်လျင်နှင့် သာကေတ ဓာတ်အားပေးစက်ရုံများ စမ်းသပ်မောင်းနှင်လျက်ရှိရာ ဒီဇင်ဘာလ ၁၇ ရက်မှစတင်၍ သန်လျင် ၂၀၀ မဂ္ဂါဝပ် ဓာတ်အားပေးစက်ရုံမှ ဓာတ်အားပမာဏ ၁၅၀ မဂ္ဂါဝပ်အထိ တိုးမြှင့်ထုတ်လုပ်နေပြီဖြစ်ကြောင်း သိရသည်။
လျှပ်စစ်နှင့် စွမ်းအင်ဖွံ့ဖြိုးရေးကော်မရှင်ဥက္ကဋ္ဌနှင့် နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန(၁)၊ ပြည်ထောင်စုဝန်ကြီး ဦးတင်အောင်စန်းသည် ယမန်နေ့တွင် သီလဝါဆိပ်ကမ်းတွင် ဆိုက်ကပ်ထားသည့် သဘာဝဓာတ်ငွေ့ရည် သိုလှောင်သင်္ဘော (Floating Storage Unit – FSU)၊ သဘာဝဓာတ်ငွေ့ရည်အား ဓာတ်ငွေ့ပြန်လည်ပြုလုပ်သော စက်ရုံ (Regasification Unit) နှင့် သန်လျင် ၂၀၀ မဂ္ဂါဝပ် ဓာတ်အားပေးစက်ရုံမှ ကနဦးဓာတ်အားပမာဏ ၁၅၀ မဂ္ဂါဝပ်ထုတ်လုပ်နေမှု အခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ခြင်းဖြစ်သည်။
လုပ်ငန်းလျာထားရက်များအလိုက် ဓာတ်အားပေးစက်ရုံများမှ ဓာတ်အားပမာဏ ၅၀၀ မဂ္ဂါဝပ်အထိ ထုတ်လုပ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်ရန်၊ LNG သည် စျေးနှုန်းကြီးမြင့်သော စွမ်းအင်အရင်းအမြစ်ဖြစ်သည့်အတွက် လေလွင့်မှုနည်းပါးစေရေး၊ ဓာတ်အားပေးစက်များ စဉ်ဆက်မပြတ်မောင်းနှင်နိုင်ရေးနှင့် စက်စွမ်းရည်ကောင်းမွန်စေရေး အလေးထားဆောင်ရွက်ကြရန် လျှပ်စစ်နှင့် စွမ်းအင်ဖွံ့ဖြိုးရေးကော်မရှင်ဥက္ကဋ္ဌက မှာကြားသည်။
စီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်ရာတွင် အခက်အခဲများ လိုအပ်ချက်များရှိပါက အချိန်မီတင်ပြသွားရန် လျှပ်စစ်နှင့် စွမ်းအင်ဖွံ့ဖြိုးရေးကော်မရှင်ဥက္ကဋ္ဌက မှာကြားပြီး သန်လျင် ၂၀၀ မဂ္ဂါဝပ် ဓာတ်အားပေးစက်ရုံမှ ကနဦး ဓာတ်အားပမာဏ ၁၅၀ မဂ္ဂါဝပ် ထုတ်လုပ်နေမှုအခြေအနေကို ကြည့်ရှုစစ်ဆေးသည်။
ထို့နောက် သီလဝါဆိပ်ကမ်း MCV ဆိပ်ခံတံတား (Jetty)ပေါ်သို့ သွားရောက်၍ FSU ဆိုက်ကပ်ထားရှိမှုအခြေအနေ၊ FSU တွင် သိုလှောင်ထားသော LNG ဓာတ်ငွေ့ရည်အား ပိုက်လိုင်းများဖြင့် ဓာတ်ငွေ့ပြန်လည်ပြုလုပ်သောစက်ရုံ (Regasification Unit) သို့ ပေးပို့နေမှုအခြေအနေနှင့် LNG အား သဘာဝ ဓာတ်ငွေ့ပြန်လည် ပြုလုပ်နေမှုထိန်းချုပ်ခန်းတို့ကို လျှပ်စစ်နှင့် စွမ်းအင်ဖွံ့ဖြိုးရေးကော်မရှင်ဥက္ကဋ္ဌက ကြည့်ရှုစစ်ဆေးသည်။
ပြည်သူလူထုနှင့် စက်မှုဇုန်များ၏ လျှပ်စစ်ဓာတ်အား လိုအပ်ချက်ကို ပိုမိုထုတ်လုပ် ဖြည့်ဆည်းပေးနိုင်ရန် LNG သိုလှောင်သင်္ဘော ဆိုက်ကပ်ထားပြီး အဆိုပါ LNG ဓာတ်ငွေ့ရည်ကို ဓာတ်ငွေ့ပြန်လည်ထုတ်လုပ်ကာ သန်လျင် ၂၀၀ မဂ္ဂါဝပ်နှင့် သာကေတ ၃၀၀ မဂ္ဂါဝပ် ဓာတ်အားပေးစက်ရုံများသို့ပေးပို့၍ နိုဝင်ဘာလအတွင်း ဓာတ်အားစမ်းသပ်မောင်းနှင်ခဲ့ပြီး ပထမအဆင့်အနေဖြင့် ၄၀ မဂ္ဂါဝပ် စမ်းသပ်ထုတ်လုပ်ခဲ့သည်။
ဒီဇင်ဘာ ၁၇ ရက်မှစတင်၍ ဓာတ်အားပမာဏ ၁၅၀ မဂ္ဂါဝပ်အထိတိုးမြှင့် ထုတ်လုပ်ပေးလျက်ရှိပြီး အဆိုပါစီမံကိန်းများမှ စုစုပေါင်းဓာတ်အားပမာဏ ၅၀၀ မဂ္ဂါဝပ်အထိ တိုးမြှင့်ထုတ်လုပ်သွားမည်ဖြစ်၍ ပြည်သူ လူထုနှင့် စက်မှုဇုန်များ၏ လျှပ်စစ်ဓာတ်အားလိုအပ်ချက်ကို ပိုမိုထုတ်လုပ်ဖြည့်ဆည်းပေးနိုင်ရေး အလေးထားဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
