၁၈. ၁၂. ၂၀၂၅
Written by Nyein Kyaw
တက္ကသိုလ်များတွင် မျိုးဆက်သစ်လူငယ်များကို မှန်ကန်သည့် အသက်မွေးဝမ်းကျောင်း အသိပညာ၊ အတတ်ပညာများ လေ့ကျင့်သင်ကြားပေးနိုင်အောင် ဆောင်ရွက်ရန်လိုအပ်ကြောင်း နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစောက ယနေ့ ကျင်းပသည့် ရန်ကုန်စီးပွားရေးတက္ကသိုလ် (ရွာသာကြီးနယ်မြေ)၏ (၂၅)နှစ်မြောက် ငွေရတုအထိမ်းအမှတ် ဖွင့်ပွဲအခမ်းအနားတွင် ပြောကြားသည်။
ဦးစွာ ရန်ကုန်စီးပွားရေးတက္ကသိုလ် (၂၅)နှစ်မြောက် ငွေရတုအထိမ်းအမှတ် အခမ်းအနားကို ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးတင်အောင်စန်း၊ ဒေါက်တာကံဇော်၊ ဒေါက်တာချောချောစိန်၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် ရန်ကုန်စီးပွားရေးတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာတင်တင်ထွေးတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြသည်။




နိုင်ငံတော်ဝန်ကြီးချုပ်က အမှာစကားပြောကြားရာယနေ့ ကျင်းပသည့် အခမ်းအနားတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးက တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူများ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ တက္ကသိုလ် ကျောင်းသား၊ ကျောင်းသူဟောင်းများ ပူးပေါင်း၍ အလုပ်အကိုင်အခွင့်အလမ်းပြပွဲများ၊ ဆွေးနွေးပွဲများ၊ သုတေသန ပိုစတာပြိုင်ပွဲများ၊ သုတေသန စာတမ်းဖတ်ပွဲများ၊ ချိတ်ဆက်ဆောင်ရွက်နေကြသည်ကိုလည်း သိရှိရသည့်အတွက် နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးအတွက် များစွာအထောက်အကူပြုကြောင်း ပြောကြားသည်။
တက္ကသိုလ်များတွင် မျိုးဆက်သစ်လူငယ်များကို မှန်ကန်သည့် အသက်မွေးဝမ်းကျောင်း အသိပညာ၊ အတတ်ပညာများ လေ့ကျင့်သင်ကြားပေးနိုင်အောင် ဆောင်ရွက်ကြရန်လိုအပ်ကြောင်း၊ ထို့ပြင် နိုင်ငံသားကျင့်ဝတ်၊ လူမှုကျင့်ဝတ်၊ ဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်းများကို လေးစားလိုက်နာတတ်လာအောင် လေ့ကျင့်ပျိုးထောင်ပေးကြရမည်ဖြစ်ကြောင်း နိုင်ငံတော်ဝန်ကြီးချုပ်က ပြောကြားသည်။
မကြာမီကျင်းပမည့် လွတ်လပ်ပြီး တရားမျှတသည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီး အောင်မြင်စွာ ကျင်းပပြီး ပိုမိုဖွံ့ဖြိုးတိုးတက်သည့် မြန်မာနိုင်ငံတည်ဆောက်ရေးကို ကျရာကဏ္ဍမှ ပူးပေါင်းပါဝင်ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း နိုင်ငံတော်ဝန်ကြီးချုပ်က ပြောကြားသည်။
ထို့အပြင် နိုင်ငံ၏ စီးပွားရေးစနစ်သည် ဈေးကွက်စီးပွားရေးစနစ်ဖြစ်သည် ဆိုသည့် ပြဋ္ဌာန်းချက်နှင့်အညီ အစိုးရနှင့် ပုဂ္ဂလိကပူးပေါင်း ဆောင်ရွက်မှုဖြင့် ဈေးကွက်ဖွံ့ဖြိုးရေး၊ ဈေးကွက်သစ်များရရှိရေး၊ ဈေးကွက်ချဲ့ထွင်ရေးကို တိုးချဲ့ဆောင်ရွက်သွားကြရမည်ဖြစ်သည့်အတွက် ရန်ကုန်စီးပွားရေးတက္ကသိုလ် (ရွာသာကြီးနယ်မြေ) အနေဖြင့် အနာဂတ်ကာလတွင် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးတို့ကို ဖော်ဆောင်နိုင်ပြီး အရည်အသွေးပြည့်ဝသည့် ပညာရှင်များကို ဆတက်ထမ်းပိုး တိုးမြှင့်မွေးထုတ်ပေးနိုင်သည့် တက္ကသိုလ်ကြီးအဖြစ် နောက်နှစ်ပေါင်းများစွာတိုင် အောင်မြင်စွာရပ်တည် နိုင်ပါစေကြောင်း နိုင်ငံတော်ဝန်ကြီးချုပ်က ပြောကြားသည်။
