၁၈. ၁၂. ၂၀၂၅
Written by Nyein Kyaw
ကချင်ပြည်နယ် ၊ပူတာအိုမြို့၌ ရောက်ရှိနေသည့် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဒုတိယဥက္ကဋ္ဌ၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် ယနေ့ နံနက်ပိုင်းတွင် ပူတာအိုခရိုင် မချမ်းဘော့မြို့နယ်ရှိ ကောင်းမှုလုံစေတီတော်အား သွားရောက်ဖူးမြော်ကြည်ညိုသည်။
ဒုတိယဗိုလ်ချုပ်မှူးကြီးနှင့် အဖွဲ့ဝင်များသည် ကောင်းမှုလုံစေတီတော်ရှိ ဗုဒ္ဓရုပ်ပွားတော်အား ဆွမ်း၊ သစ်သီး၊ ဆီမီး၊ ပန်း၊ ရေချမ်းများ ကပ်လှူပူဇော်ပြီး စေတီတော်အား လက်ယာရစ် လှည့်လည်ဖူးမြော်ကြည်ညိုကြပြီးနောက် ဒုတိယဗိုလ်ချုပ်မှူးကြီးက စေတီတော်၏ ဧည့်သည်တော် မှတ်တမ်းတွင် လက်မှတ်ရေးထိုးပြီး စေတီတော်ဘက်စုံ ပြုပြင်မွမ်းမံထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် အလှူငွေများ ပေးအပ်လှူဒါန်းရာ ဂေါပကအဖွဲ့မှ တာဝန်ရှိသူများက လက်ခံရယူကြသည်။




ကောင်းမှုလုံစေတီတော်သည် ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘော့မြို့နယ်၊ ကောင်းမှုလုံကျေးရွာအနီး မလိခမြစ်၏ အရှေ့ဘက်ကမ်း၌ ကျော်ဇောထင်ရှားသပ္ပါယ်စွာ တည်ရှိပြီး သာသနာသက္ကရာဇ် ၂၄၄ ခုနှစ် သီရိဓမ္မာသောကမင်းကြီး လက်ထက်တွင် မြတ်စွာဘုရား၏ ဓာတ်တော် (၃) ဆူကို ဌာပနာသွင်း၍ တည်ထားကိုးကွယ်ခဲ့ကြောင်း သိရသည်။
စေတီတော်သည် ပူတာအိုဒေသတွင် အရွယ်အစားနှင့် ဉာဏ်တော်အမြင့်ဆုံးဖြစ်ပြီး မြန်မာနိုင်ငံ၏ မြောက်ဖျားအစွန်းတွင် ရှေးခေတ်အဆက်ဆက်မှ ယခုခေတ်ကာလတိုင်အောင် ဗုဒ္ဓသာသနာတော် တည်တံ့ထွန်းကားပြန့်ပွားဆဲဖြစ်သည်ဆိုသည့် မော်ကွန်းအထိမ်းအမှတ်သဖွယ် ငွါးငွါးစွင့်စွင့် ကြွားကြွားဝင့်ဝင့် တည်ရှိနေတော်မူခြင်းဖြစ်ကြောင်း သိရသည်။
ယနေ့ မွန်းလွဲပိုင်းတွင် ဒုတိယဗိုလ်ချုပ်မှူးကြီးနှင့် အဖွဲ့ဝင်များသည် မချမ်းဘော့တပ်နယ်နှင့် ပူတာအိုတပ်နယ်တို့ရှိ နယ်မြေခံတပ်ရင်းတပ်ဖွဲ့ များကို လိုက်လံကြည့်ရှုပြီး အိမ်ထောင်သည်ရဲမေများကို ရင်းရင်းနှီးနှီးတွေ့ဆုံ နှုတ်ဆက်ကာ ရဲမေများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
