သက်တံ့
၁၈. ၁၂. ၂၀၂၅
အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ အိုင်ဇောလ်မြို့၊ ဖော့ကလန်းရပ်ကွက်ရှိ တည်းခိုခန်းတစ်ခုတွင် ဘိန်းဖြူ ၃၄၉ ဂရမ်နှင့် လူသုံးဦးကို ဒီဇင်ဘာလ ၁၆ ရက်နေ့က ဖမ်းဆီးရမိခဲ့ကြောင်း မီဇိုရမ် ယစ်မျိုးနှင့် မူးယစ်ဆေးဝါးထိန်းချုပ်ရေးဌာန တာဝန်ရှိသူများက ပြောကြားခဲ့သည်။
တိကျသော သတင်းပေးပို့ချက်အရ ယစ်မျိုးဌာန တာဝန်ရှိသူများသည် ဖော့ကလန်းရပ်ကွက်ရှိ LC Homestay တည်းခိုခန်းကို ဝင်ရောက်စီးနင်းခဲ့ရာမှ ဘိန်းဖြူများ ထည့်ထားသည့် ဆပ်ပြာခွက် ၂၁၀ ကို သိမ်းဆည်းရမိခဲ့ခြင်းဖြစ်သည်။ ထို့အပြင် အဆိုပါ တည်းခိုခန်းတွင် တည်းခိုနေသည့် လူသုံးဦးကိုလည်း စစ်ဆင်ရေးအတွင်း ဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့သည်။
ဖမ်းဆီးရမိခဲ့သူများမှာ လုံလေမြို့၊ ချန်မာရီဗင်းန်တွင် နေထိုင်သူ ဇိုရင်ဆန်းဂါ၊ အိုက်ဇောလ်မြို့၊ ဘုန်းကောင်း ဗင်းန်သာတွင် နေထိုင်သူ လာလ်မန် ဂိုင်းဆန်းဂါနှင့် မြန်မာနိုင်ငံ၊ ချင်းပြည်နယ်၊ ဖလမ်းမြို့လာလ်မဝေဘူလမြို့နေထိုင်သူ အသက် ၂၉ နှစ်အရွယ် ဘွဲချွန်းပိုင်တို့ဖြစ်သည်။
ဖမ်းမိတရားခံသုံးဦးစလုံးကို ၁၉၈၅ ခုနှစ် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေ (NDPS Act) အရ အမှုဖွင့် အရေးယူထားကြောင်း သိရသည်။
၎င်းတို့ကို ဒီဇင်ဘာလ ၁၇ ရက်နေ့တွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာအထူးတရားရုံးသို့ ရုံးထုတ်ခဲ့သည်။ ဖမ်းဆီးရမိသည့် ဟီးရိုးအင်းများ၏ မူလရင်းမြစ်နှင့် ပို့ဆောင်မည့်နေရာတို့ကို ဆက်လက်စုံစမ်းစစ်ဆေးနေကြောင်း တာဝန်ရှိသူများက ထပ်လောင်းပြောကြားခဲ့သည်။
Ref: India Today NE
