သက်တံ့
၁၈. ၁၂. ၂၀၂၅
ထိုင်းနိုင်ငံ၊ ဖူးခတ်မြို့တွင် ငှားရမ်းနေထိုင်သည့် အခန်းအတွင်း၌ ဇနီးဖြစ်သူအား တံမြက်စည်းရိုးဖြင့် ရိုက်နှက်သတ်ဖြတ်ခဲ့သည့် ထိုင်းအမျိုးသားတစ်ဦးကို ရဲတပ်ဖွဲ့က ဒီဇင်ဘာ ၁၇ ရက်တွင် ဖမ်းဆီးလိုက်သည်။
ဖူးခက် မစ်ရှင်ဆေးရုံမှ တာဝန်ရှိသူများက အသက် ၅၁ နှစ်အရွယ် ထိုင်းအမျိုးသမီး ကိုင် (Kai) သည် အိမ်တွင်းအကြမ်းဖက်မှုကြောင့်ဟု ယူဆရသော ပြင်းထန်သည့် ဒဏ်ရာများဖြင့် ဆေးရုံတက်လာကြောင်း အကြောင်းကြားခဲ့ပြီးနောက် ဖူးခတ်မြို့နယ်ရဲစခန်းမှ အရာရှိများက အမှုကို စုံစမ်းစစ်ဆေးခဲ့ခြင်းဖြစ်သည်။

ဆေးဘက်ဆိုင်ရာ တာဝန်ရှိသူများ၏ ပြောကြားချက်အရ ကိုင်သည် ဆေးရုံသို့ ရောက်ရှိလာစဉ်ကပင် စိုးရိမ်ရသည့် အခြေအနေတွင် ရှိနေခဲ့သည်။ အထူးကြပ်မတ်ကုသဆောင် (ICU) တွင် အရေးပေါ် ကုသမှုများ ပြုလုပ်ပေးခဲ့သော်လည်း ရရှိထားသော ဒဏ်ရာများကြောင့် နောက်ပိုင်းတွင် သေဆုံးသွားခဲ့သည်။ သူမ သေဆုံးပြီးနောက် ရဲတပ်ဖွဲ့သည် ဖြစ်စဉ်ကို စုံစမ်းစစ်ဆေးရန် ရတ်စ်ဒါရပ်ကွက်၊ ဆွိုင်ကင်းကော ၉ လမ်းရှိ သူမ နေထိုင်ရာသို့ အပြေးအလွှား သွားရောက်ခဲ့ကြသည်။
ထိုနေရာ အခန်းအမှတ် (၁) တွင် ကိုင်၏ ခင်ပွန်းဖြစ်သူ မူးယစ်နေဟန်ရှိသော အသက် ၅၄ နှစ်အရွယ် “နုခ်” (Nuek) ကို တွေ့ရှိခဲ့သည်။ ရဲတပ်ဖွဲ့၏ စစ်ဆေးမေးမြန်းမှုအတွင်း နုခ်က ဒီဇင်ဘာ ၁၆ ရက် (အင်္ဂါနေ့) ညပိုင်းတွင် ဇနီးဖြစ်သူအား တံမြက်စည်းရိုးဖြင့် ပြင်းထန်စွာ ရိုက်နှက်ခဲ့ကြောင်း ဝန်ခံခဲ့သည်။
နုခ်၏ ပြောပြချက်အရ သူနှင့် ဇနီးဖြစ်သူတို့သည် အတူတူ အရက်သောက်နေစဉ် စကားများ ရန်ဖြစ်ခဲ့ကြခြင်း ဖြစ်သည်။ ရန်ဖြစ်နေစဉ် စိတ်မထိန်းနိုင်ဘဲ တံမြက်စည်းရိုးဖြင့် အကြိမ်ကြိမ် ရိုက်နှက်ခဲ့ကြောင်း ဝန်ခံခဲ့သည်။ ရိုက်နှက်ပြီးနောက် ဇနီးဖြစ်သူအတွက် ဆေးကုသမှု တစ်စုံတစ်ရာ မပြုလုပ်ပေးဘဲ အိပ်ပျော်သွားခဲ့သည်ဟု ဆိုသည်။

နောက်တစ်နေ့ ဒီဇင်ဘာ ၁၇ ရက် မနက်ပိုင်းတွင် ဇနီးဖြစ်သူ ကိုင်သည် သတိမေ့နေပြီး တစ်ကိုယ်လုံးတွင် ညိုမည်းဒဏ်ရာများ ရနေသည်ကို တွေ့ရှိခဲ့သောကြောင့် လူနာတင်ယာဉ်ခေါ်ကာ ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ခြင်း ဖြစ်သည်။ ထို့နောက် နုခ်သည် ပုံမှန်အတိုင်း အလုပ်သွားခဲ့ပြီး အလုပ်မှ ပြန်လာချိန်တွင် ရဲတပ်ဖွဲ့၏ ဖမ်းဆီးမှုကို ခံခဲ့ရခြင်း ဖြစ်သည်။
အိပ်ခန်းအတွင်း ရှာဖွေရာတွင် ရိုက်နှက်ရာ၌ အသုံးပြုခဲ့သည်ဟု ယူဆရသော ကျိုးနေသည့် တံမြက်စည်းရိုးတစ်ခုကို ရဲတပ်ဖွဲ့က တွေ့ရှိခဲ့ပြီး သက်သေအဖြစ် သိမ်းဆည်းခဲ့သည်။ ထို့အပြင် စုံစမ်းစစ်ဆေးမှုအတွက် အခြားသော မှုခင်းဆိုင်ရာ သက်သေအထောက်အထားများကိုလည်း အခန်းအတွင်းမှ စုဆောင်းခဲ့ကြသည်။
အိမ်နီးချင်းများ၏ ပြောကြားချက်အရ အဆိုပါ ဇနီးမောင်နှံသည် အရက်ကို အတူတူ သောက်လေ့ရှိပြီး မူးလာလျှင် အမြဲတမ်း ရန်ဖြစ်တတ်ကြသည်ဟု ဆိုသည်။ ယခင်ကလည်း ကိုယ်ထိလက်ရောက် ရိုက်နှက်မှုများ အကြိမ်ကြိမ် ရှိခဲ့ဖူးပြီး ကိုင်သည် အနီးအနားရှိ အိမ်များသို့ အကူအညီတောင်းရန် မကြာခဏ ထွက်ပြေးလာတတ်ကြောင်း သိရသည်။
ရဲတပ်ဖွဲ့က နုခ်ကို ရာဇသတ်ကြီး ဥပဒေပုဒ်မ ၂၉၀ အရ လူတစ်ဦးအား သေဆုံးသည်အထိ ကိုယ်ထိလက်ရောက် ကျူးလွန်မှုဖြင့် တရားစွဲဆိုထားသည်။ ယင်းပြစ်မှုသည် ထောင်ဒဏ် ၃ နှစ်မှ ၁၅ နှစ်အထိ ကျခံရနိုင်ကြောင်း သိရသည်။
Ref : The Thaiger
