၁၈. ၁၂. ၂၀၂၅
MT News Editorial
၂၀၂၀ ပြည့်နှစ်ရွေးကောက်ပွဲမသမာမှုကို ဖြေရှင်းပေးရန် ဝိုင်းဝန်းတောင်းဆိုနေသည့်ကြားမှ မမှန်မကန်လုပ်ဆောင်သော်လည်း ခေါင်းမာသူများကြောင့် နိုင်ငံရေးအကျပ်အတည်းမှသည် လက်နက်ကိုင်ပဋိပက္ခအဖြစ် တစ်နိုင်ငံလုံးကြိမ်မီးအုံးသလို စစ်ပွဲများအကြား ကျပ်တည်းဒုက္ခရောက်ခဲ့ကြရသည်မှာ ငါးနှစ်ပြည့်လုပြီဖြစ်သည်။
ထိုငါးနှစ်တာကာလအတွင်း နှစ်ဖက် လက်နက်ကိုင်များအပါအဝင် ပြည်သူအနည်းဆုံးတစ်သိန်းအထက် သေကြေပျက်စီးရဖွယ်ရှိသလို နေအိမ်တစ်သိန်းကျော်နှင့် ကျေးရွာထောင်ဂဏန်းလည်း မီးရှို့ဖျက်ဆီးခံခဲ့ရသည့်အပြင် နိုင်ငံ့လူဦးရေ၏ သုံးပုံတစ်ပုံသည်လည်း စစ်ဘေးရှောင်နေရခြင်း၊ စားဝတ်နေရေးကျပ်တည်းခြင်းများကို ရင်စီးခံနေရရုံသာမက လျှပ်စစ်၊ တာဝါတိုင်၊ စာသင်ကျောင်း၊ လမ်းတံတားများနှင့် အစိုးရရုံးများ ထောင်သောင်းချီမှာလည်း အကြမ်းဖက်သမားများ၏ ဖျက်ဆီးမှုကြောင့် လူမှုရှင်သန်နေထိုင်ရာဘ၀တွင်ပါ အခက်အခဲ အကျပ်အတည်းများစွာ ရင်ဆိုင်နေရပြီဖြစ်သည်။
ထိုဒုက္ခများကို တစ်နိုင်ငံလုံးအနှံ့ ရင်စည်းခံနေရသော်လည်း မကြာမီဆယ်ရက်အတွင်း ထိုဒုက္ခများမှ လွတ်ကင်းတော့မည့် ပထမခြေလှမ်းအဖြစ် ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂၈ ရက်တွင် ရွေးကောက်ပွဲ ပထမပိုင်းကို စတင်တော့မည်ဖြစ်သဖြင့် မကြာမီဆယ်ရက်အတွင်း ပြည်သူများ လွတ်လပ်အေးချမ်းမှုအရသာကို ငြိမ်းချမ်းတိုးတက်မှုဖြင့် ခံစားရဖူးသည့် တစ်ကျော့ပြန် ဒီမိုကရေစီခရီးလမ်းသည် ခြေဆယ်လှမ်းသာလိုတော့သည်ဟု ဆိုရပေမည်ဖြစ်သည်။
ပြီးခဲ့သည့် ၂၀၁၀ ပြည့်နှစ်တွင် ထိုအချိန်က နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီက ရွေးကောက်ပွဲကျင်းပပြီး ဦးသိန်းစိန်အစိုးရကို အာဏာလွှဲပေးခဲ့သဖြင့် ဒီမိုကရေစီဆိုသည့်အရသာကို ပြည်သူလူထုက တင်းပြည့်ကျပ်ပြည့်ခံစားခွင့်ရရုံသာမက အစိုးရ၊ လွှတ်တော်နှင့် တပ်မတော်ကိုပါ ဝေဖန်ထောက်ပြနိုင်သောအဆင့်ကို ရရှိခဲ့သည်။ ထို့နောက် ၂၀၁၆ တွင်လည်း ဦးသိန်းစိန်အစိုးရက ရွေးကောက်ပွဲမဲနိုင်ရန် အဓမ္မမကြံစည်ဘဲ အရှုံးကိုလက်ခံကာ အေးချမ်းစွာ အာဏာလွှဲပြောင်းပေးခဲ့သဖြင့် NLD အစိုးရတက်လာနိုင်ခဲ့၍ NLD အစိုးရလက်ထက်တွင်လည်း ဒီမိုကရေစီဆိုသည်ကို ဆက်လက်မြည်းစမ်းခွင့်ရခဲ့ပြန်သည်။
သို့သော် NLD အစိုးရကမူ ဦးသိန်းစိန်ကို အတုမယူဘဲ ရွေးကောက်ပွဲတွင် ရာနှုန်းပြည့်အနိုင်ယူလိုသော လောဘစိတ်ကြောင့် မဲမသမာမှုပြုခဲ့သလို ထိုသို့ မဲမသမာမှုပေါ်ပေါက်သည်ကိုပင် ဖြေရှင်းရမည့်အစား အာဏာအလွဲသုံးစားပြုကာ အခြေခံဥပဒေကိုပါ ကျော်လွန်ဖောက်ဖျက်သဖြင့် NLD အစိုးရလည်း ဖြုတ်ချခံခဲ့ရသလို နိုင်ငံနှင့် ပြည်သူပါ ဒုက္ခရောက်ကာ လက်ထဲတွင်ကိုင်စွဲထားနိုင်သော ၇၅ ရာခိုင်နှုန်းရှိသည့်လူထုအာဏာကိုပါ တပ်မတော်ထံ ပြန်လည် အပ်နှင်းခဲ့ရပေသည်။
ယခုရွေးကောက်ပွဲသည် လူထုအာဏာ ၇၅ ရာခိုင်နှုန်းကို ယာယီရယူထားသော တပ်မတော်က ပြန်လည်အပ်နှင်းမည့် ပွဲလည်းဖြစ်သလို ပြည်သူလူထုကလည်း အစိုးရ၊ လွှတ်တော်နှင့် တပ်မတော်ကိုပါ ဝေဖန်ထိန်းကျောင်းနိုင်သည့် နိုင်ခြေ ၇၅ ရာခိုင်နှုန်းကို ပြန်လည်ရရှိမည့် အရေးကြီးသော အခိုက်အတန့်လည်းဖြစ်သည်။
ထိုသို့ ပြည်သူနှင့်လူထုကို တပ်မတော်က လူထုအာဏာ ၇၅ ရာခိုင်နှုန်း ပြန်လည်အပ်နှံပြီး နိုင်ငံနှင့် ပြည်သူ အေးချမ်းစွာ ဖွံ့ဖြိုးတိုးတက်လာမည်ကို နှစ်လိုမှုမရှိသော လက်နက်ကိုင်၊ အကြမ်းဖက်နှင့် ထောက်ခံသူများက ရွေးကောက်ပွဲကို မဲမပေးရန်နှင့် ဖျက်ဆီးရန် ကြံဆောင်နေမှုများလည်း ရှိနေပြန်သေးပေသည်။ ထိုလူများသည်ကား မိမိအမြီးပြတ်သလို အခြားသောသူများကိုလည်း အမြီးပြတ်စေလိုသည့် မြေခွေးယုတ်နှင့်အလားသဏ္ဍာန်တူပေသည်ဟုသာ ခိုင်းနှိုင်းရမည်ဖြစ်သလို ထိုသို့ ဆိုးယုတ်သောသူများကိုလည်း ယခုကြံစည်နေသလို ရွေးကောက်ပွဲအထမမြောက်ဘဲ လူထုကို လက်နက်ကိုင်များအောက် ဆက်လက်နေခိုင်းကာ လူထုအာဏာကို တပ်မတော်က ပြန်လည်အပ်နှင်းမည့်အပေါ် ဖျက်ဆီးနှောင့်ယှက်မှု ဆက်လက်လုပ်ဆောင်မှုမပြုဘဲ ရွေးကောက်ပွဲဖြစ်မြောက်ပြီးနောက် တစ်ကျော့ပြန် ဒီမိုကရေစီအောက်တွင် နိုင်ငံနှင့်ပြည်သူ ငြိမ်းချမ်းစွာ ပြန်လည်ဖွံ့ဖြိုးတိုးတက်လာသည်ကို မုဒိတာပွားနိုင်ပါစေဟုသာ ရွေးကောက်ပွဲဖျက်ဆီး နှောင့်ယှက်လိုသူများကို MT News က မေတ္တာရပ်ခံ တိုက်တွန်းလိုပေသည်။
