သက်တံ့
၁၈. ၁၂. ၂၀၂၅
ထိုင်းနိုင်ငံမှ သုတေသနပညာရှင်များသည် ဆံပင်ကျွတ်ခြင်းကို လျှော့ချပေးနိုင်ပြီး ဆံပင်ကို ပြန်ပေါက်စေနိုင်သည့်အပြင် ဆံပင်၏သဘာဝအရောင်ကိုပါ ပြန်လည်ရရှိစေနိုင်သည့် ထိုင်းငချိတ်ဆန် Riceberry အခြေခံ ဒြပ်ပေါင်းတစ်ခုကို လာမည့်နှစ်တွင် လူသားများနှင့် လက်တွေ့စမ်းသပ်မှုများ (Clinical Trials) စတင်တော့မည် ဖြစ်သည်။
ဤစီမံကိန်းသည် ချူလာလောင်ကွန်းတက္ကသိုလ်နှင့် မဟီဒေါတက္ကသိုလ်တို့ ပူးပေါင်း ဆောင်ရွက်ခြင်းဖြစ်ပြီး လာမည့်နှစ်ဆန်းပိုင်းတွင် စမ်းသပ်မှုများ စတင်ရန် မျှော်မှန်းထားသည်။ ၎င်းတို့သည် သဘာဝအတိုင်း စိုက်ပျိုးထားသော Riceberry ဆန်မှ ထုတ်ယူထားသည့် AnthoRice Complex ဖော်မြူလာကို အဓိကထား လုပ်ဆောင်နေခြင်းဖြစ်ပြီး၊ ဓာတ်ခွဲခန်းလေ့လာမှုများအရ ထိုဖော်မြူလာသည် ဆံပင်ပေါက်ခြင်းကို လှုံ့ဆော်ပေးနိုင်ကာ ဆံပင်၏သဘာဝအရောင်ကို ပြန်လည်ရရှိစေနိုင်သည့် အလားအလာများ ရှိနေကြောင်း တွေ့ရှိရသည်။
ချူလာလောင်ကွန်းတက္ကသိုလ်၊ ဆေးဝါးဗေဒဌာနမှ တွဲဖက်ပါမောက္ခ ပီသီ ချန်ဗိုရာချုတ်က Riceberry ဆန်တွင် သဘာဝအရောင်ခြယ် ဓာတ်တိုးဆန့်ကျင်ပစ္စည်း (Anthocyanins) ဓာတ်များစွာ ပါဝင်ကြောင်း ပြောကြားခဲ့သည်။ အဆိုပါ ဓာတ်ပေါင်းသည် ဆံပင်အရောင်ကို ဖြစ်ပေါ်စေသော Melanin ဓာတ်ကို မြှင့်တင်ပေးနိုင်သည့် အပင်အခြေခံ ဒြပ်ပေါင်းတစ်ခု ဖြစ်သည်။ AnthoRice သည် ဆံပင်အမြစ်တွင် မယ်လနင်ဓာတ်ကို တိုက်ရိုက် လှုံ့ဆော်ပေးနိုင်သည့်အတွက် ဆံပင်ဖြူခြင်းကို ပြန်လည်နက်မှောင်လာစေရန် ကူညီပေးနိုင်ကြောင်း သုတေသနအဖွဲ့၏ တွေ့ရှိချက်များက ဆိုသည်။
ထို့အပြင် အဆိုပါဒြပ်ပေါင်းကို ချူလာလောင်ကွန်း သုတေသနပညာရှင်များ ဖော်ထုတ်ထားသည့် StemAktive (StemActive) နည်းပညာနှင့်လည်း ပေါင်းစပ် စမ်းသပ်နေသည်။ ယင်းနည်းပညာတွင် ဒေသထွက် ဆေးဖက်ဝင်အပင် ၅ မျိုးဖြစ်သော အောင်မဲညို၊ ဆီးဖြူသီး၊ ရှောက်နုသီး (ရှောက်ခါးသီး)၊ ပဲပုပ်နှင့် နွယ်သာကီ တို့ကို အသုံးပြုထားသည်။ ဤအပင်များမှ ထုတ်ယူထားသော အဆီအနှစ်များသည် ပျက်စီးနေသော ဆဲလ်များကို ဖယ်ရှားပေးခြင်း၊ ဆံပင်မွှေးညင်းပေါက်များ ပြန်လည်ရှင်သန်မှုကို အထောက်အကူပြုခြင်းနှင့် ဆံပင်အမြစ်များကို စိတ်ဖိစီးမှုဒဏ်မှ ကာကွယ်ပေးခြင်းတို့ ပြုလုပ်ပေးနိုင်သည်။
Bangkok Post သတင်းစာ၏ ဖော်ပြချက်အရ ဓာတ်ခွဲခန်းရလဒ်များတွင် အဆိုပါ ကုသမှုနည်းလမ်းနှစ်ခု ပေါင်းစပ်လိုက်ခြင်းဖြင့် ပင်မဆဲလ် (Stem Cell) များ၏ လုပ်ဆောင်ချက်ကို ၆ ဆအထိ မြှင့်တင်ပေးနိုင်ပြီး လမ်းကြောင်းနှစ်ခုမှတစ်ဆင့် မယ်လနင် ထုတ်လုပ်မှုကို အားကောင်းစေကြောင်း တွေ့ရှိရသည်။ ဤနည်းလမ်းသည် ဦးရေပြားကျန်းမာရေးကို ကောင်းမွန်စေပြီး ဆံပင်၏ သဘာဝအမည်းရောင်ကို ကြာရှည်ထိန်းထားနိုင်မည်ဟု သုတေသနအဖွဲ့က ယုံကြည်နေသည်။
ဤလေ့လာမှုတွင် အသုံးပြုသည့် သဘာဝ Riceberry ဆန်များကို ဖိချစ်ခရိုင်ရှိ အစိုးရထောက်ပံ့ထားသော လယ်သမားအဖွဲ့က စိုက်ပျိုးခြင်းဖြစ်သည်။ ဤပူးပေါင်းဆောင်ရွက်မှုသည် ထုတ်ကုန်၏ ဘေးကင်းမှုကို အာမခံနိုင်ရုံသာမက ဒေသခံတောင်သူများကိုလည်း အထောက်အကူပြုရန် ရည်ရွယ်သည်။ အနာဂတ်တွင် ဤကုသမှုနည်းလမ်းကို စီးပွားဖြစ် ထုတ်လုပ်နိုင်ပါက လူထုအတွက် စီးပွားရေးအရ အကျိုးရှိလာနိုင်ကြောင်း အဆိုပါအဖွဲ့၏ ဥက္ကဋ္ဌ စစ်သာ စွတ်ခန်က ပြောကြားခဲ့သည်။
လူသားများနှင့် လက်တွေ့စမ်းသပ်မှုများကို သီရိရာဇ်ဆေးရုံရှိ ဆေးပညာဌာနက လုပ်ဆောင်သွားမည်ဖြစ်သည်။ ၆ လကြာ ပြုလုပ်မည့် အဆိုပါ လေ့လာမှုတွင် အသက် ၂၅ နှစ်မှ ၆၀ ကြား စေတနာ့ဝန်ထမ်း ၆၄ ဦး ပါဝင်မည်ဖြစ်ပြီး၊ ၎င်းတို့ကို အုပ်စုနှစ်စုခွဲ၍ အမှန်တကယ် ကုသမှုရလဒ်နှင့် (ဆေးစွမ်းမပါသော) ပုံစံတူစမ်းသပ်မှု ရလဒ်တို့ကို နှိုင်းယှဉ်သွားမည် ဖြစ်သည်။
သိပ္ပံပညာရှင်များက ထိပ်ပြောင်ခြင်းအတွက် အစစ်အမှန် ကုသဆေးများကို ကြိုးပမ်းဖော်ထုတ်နေချိန်တွင်၊ ပတ္တရားမြို့မှ ကံမကောင်းသည့် ထိပ်ပြောင်နေသူ အမျိုးသားတစ်ဦးမှာမူ ဆံပင်ပေါက်ဆေးဟု လိမ်လည်ရောင်းချသော အုန်းရည်နှင့် ဆပ်ပြာများအတွက် ဘတ်တစ်ထောင်ကျော် ပေးဆောင်ခဲ့ရသည့် ဖြစ်ရပ်တစ်ခုလည်း ဖြစ်ပွားခဲ့ဖူးသည်။
မှတ်ချက်။ ထိုင်းငချိတ်ဆန် Riceberry သည် အစေးဓာတ်နည်းသည့် ထမင်းစားဆန် (Non-glutinous Rice/Jasmine Rice) မျိုးနွယ်ဖြစ်ပြီး မြန်မာငချိတ်ဆန်(Black Glutinous Rice)သည် အစေးဓာတ် (Amylopectin) အရမ်းများသည့် ကောက်ညှင်းဆန် (Glutinous Rice) မျိုးနွယ်ဖြစ်ကာ ထိုင်းငချိတ်ဆန်မှာမူ ဆံပင်အတွက် အကျိုးပြုမှုများပြားသည့် Anthocyanin အလွန်မြင့်မားသည့်အပြင် ဗီတာမင် E၊ ဗီတာမင် B1 နှင့် သံဓာတ်များလည်း ငချိတ်ဆန်ထက် ပိုမိုများပြားသည်။
Ref : The Thaiger
