◾️ပါတီစုံဒီမိုကရေစီလျှောက်လမ်းသည့် နိုင်ငံတွင် နေထိုင်သူများဖြစ်၍ ရွေးကောက်ပွဲ မဲပေးရန် တစ်ဦးချင်းစီတိုင်း၌ တာဝန်ရှိဟုပါ ပြော
၁၇. ၁၂. ၂၀၂၅
Written by Nyein Kyaw
ရွေးကောက်ပွဲ ကျင်းပပြုလုပ်မှသာ လွှတ်တော်ခေါ်ယူ၍ အသစ်ဖွဲ့စည်းမည့် အစိုးရအား နိုင်ငံတော်၏ တာဝန်များကို လွှဲပြောင်းပေးအပ်နိုင်မည်ဖြစ်ကြောင်း နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဒုတိယဥက္ကဋ္ဌ၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ပူတာအိုမြို့နယ် ဌာနဆိုင်ရာဝာာဝန်ရှိသူများ၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုကော်မတီအဖွဲ့များနှင့် မြို့မိမြို့ဖများအား ယနေ့ တွေ့ဆုံစဉ် ပြောကြားသည်။
မကြာမီကျင်းပတော့မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးလုပ်ဆောင်ရမည့် လုပ်ငန်းစဉ်အဆင့်ဆင့်နှင့် လုံခြုံရေးဆိုင်ရာကိစ္စရပ်များကိုလည်း သက်ဆိုင်ရာဌာနအလိုက် တာဝန်ရှိသူများဖြင့် ပူးပေါင်းဆောင်ရွက်သွားရန်လိုကြောင်း ဒုတိယဗိုလ်ချုပ်မှူးကြီးက ပြောကြားသည်။





ယခုရွေးကောက်ပွဲသည် တပ်မတော်က ဦးဆောင်ကျင်းပ ပြုလုပ်ခြင်းဖြစ်သဖြင့် ၂၀၂၀ ပြည့်နှစ်တွင် ကျင်းပခဲ့သည့် ရွေးကောက်ပွဲကဲ့သို့ မဲမသမာမှုများမဖြစ်ပေါ်စေရေး ဆောင်ရွက်ရန် စီမံထားကြောင်း၊ ရွေးကောက်ပွဲ ကျင်းပပြုလုပ်မှသာ လွှတ်တော်ကိုခေါ်ယူ၍ အသစ်ဖွဲ့စည်းမည့် အစိုးရအား နိုင်ငံတော်၏ တာဝန်များကို လွှဲပြောင်းပေးအပ်သွားနိုင်မည်ဖြစ်ကြောင်း ဒုတိယဗိုလ်ချုပ်မှူးကြီးက ပြောကြားသည်။
ယခုကျင်းပမည့် ရွေးကောက်ပွဲတွင် မဲမသမာမှုများပြုလုပ်၍ မရနိုင်သည့် ဒီဂျစ်တယ်စနစ်ဖြင့် မဲပေးသည့်စနစ် မြန်မာအီလက်ထရောနစ် မဲပေးစက် (MEVM) များကို အသုံးပြုသွားမည်ဖြစ်ကြောင်း၊ ယင်းစနစ်ကို နိုင်ငံပေါင်း ၃၄ နိုင်ငံက အသုံးပြု၍ ရွေးကောက်ပွဲများ ကျင်းပခဲ့ကြောင်း၊ အိမ်နီးချင်းနိုင်ငံဖြစ်သည့် အိန္ဒိယနိုင်ငံတွင် လူဦးရေ ၁ ဒသမ ၄၆ ဘီလျံရှိပြီး မိမိနိုင်ငံရှိ တိုင်းရင်းသား လူမျိုးများထက်ပင် ပို၍များပြားကြောင်း၊ ထိုသို့လူဦးရေများပြားသည့် အိန္ဒိယတွင်ပင် အသုံးပြုလျက်ရှိသည်ကို လေ့လာတွေ့ရှိရကြောင်း ဒုတိယဗိုလ်ချုပ်မှူးကြီးက ပြောကြားသည်။
မဲပေးပိုင်ခွင့်ရှိသူများအနေဖြင့် ပါတီစုံဒီမိုကရေစီလျှောက်လမ်းသည့် နိုင်ငံတွင် နေထိုင်သူများဖြစ်၍ ရွေးကောက်ပွဲတွင် မဲပေးရန် တစ်ဦးချင်းစီ၌ တာဝန်ရှိကြောင်း၊ လူငယ်များအနေဖြင့်လည်း နိုင်ငံတော်တာဝန်များကို တစ်ချိန်တွင် ဒီမိုကရေစီစနစ်နှင့်အညီ ပခုံးပြောင်း တာဝန်ထမ်းဆောင်ကြမည့်သူများဖြစ်သဖြင့် ယခုကျင်းပမည့် လွတ်လပ်၍ တရားမျှတသည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် မဖြစ်မနေ ပါဝင်၍ မဲပေးကြရမည်ဖြစ်ကြောင်း ဒုတိယဗိုလ်ချုပ်မှူးကြီးက ပြောကြားသည်။
အသက် ၁၈ နှစ်ပြည့်ပြီး နိုင်ငံသား စိစစ်ရေးကတ်ပြား ရှိသူများသည် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများဖြစ်သည့်အတွက် သက်ဆိုင်ရာ တာဝန်ရှိသူများက မဲပေးပိုင်ခွင့်ရှိသူအားလုံး ဆန္ဒမဲပေးနိုင်ရေး ကျရာကဏ္ဍမှ ပူးပေါင်းဆောင် ရွက်သွားရမည်ဖြစ်ကြောင်း ဒုတိယဗိုလ်ချုပ်မှူးကြီးက ပြောကြားသည်။
ထို့အပြင် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် ယနေ့ နံနက်ပိုင်းတွင် ကချင်ပြည်နယ် မြစ်ကြီးနားမြို့ရှိ နယ်မြေခံတပ်မတော်ဆေးရုံ၌ ဆေးရုံတက်ရောက် ဆေးကုသမှုခံယူလျက်ရှိသည့် အရာရှိ၊ စစ်သည်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်နှင့် ပြည်သူစစ်(ဌာနေ) တပ်ဖွဲ့ဝင်များကို သွားရောက် ကြည့်ရှုအားပေးစကားပြောကြားပြီး စားသောက်ဖွယ်ရာများနှင့် ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်သည်။
ဆက်လက်၍ ဒုတိယဗိုလ်ချုပ်မှူးကြီးနှင့် အဖွဲ့ဝင်များသည် ဆေးရုံအတွင်း လှည့်လည်ကြည့်ရှု စစ်ဆေးပြီး လိုအပ်သည်များ မှာကြားကာ ဆေးရုံတွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် ကျန်းမာရေးဝန်ထမ်းများအတွက် ချီးမြှင့်ငွေများပေးအပ်သည်။




ထို့နောက် ဒုတိယဗိုလ်ချုပ်မှူးကြီးနှင့် အဖွဲ့ဝင်များသည် မြစ်ကြီးနားမြို့ရှောင်လမ်းအတွင်း မော်တော်ယာဉ်များဖြင့် လိုက်လံကြည့်ရှုစစ်ဆေးပြီး ဆက်လက်၍ နယ်မြေခံတပ်ရင်း၊ တပ်ဖွဲ့များကို လိုက်လံ ကြည့်ရှုစစ်ဆေးကာ အိမ်ထောင်သည်လိုင်းခန်းတွင် ရဲမေများနှင့်တွေ့ဆုံ၍ တင်ပြချက် များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများအား ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။
ယင်းနောက် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် ရိပ်သာဧည့်ခန်းမ၌ ပြည်နယ်/ ခရိုင်/ မြို့ နယ်များမှ ပညာရေးမှူးများ၊ ကျောင်းအုပ်ကြီးများနှင့် တွေ့ဆုံ၍ ပြည်နယ်အတွင်း ပညာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စပ်လျဉ်း၍ ဆွေးနွေးမှာကြားစဉ် ဒုတိယဗိုလ်ချုပ်မှူးကြီးက ယခုနှစ် ဖြေဆိုကြမည့် Grade-12 စာမေးပွဲနှင့် ပတ်သက်၍ ကချင်ပြည်နယ်၏ ယမန်နှစ် Grade-12 စာမေးပွဲ အောင်ချက်ရာခိုင်နှုန်းသည် ၄၇ ဒသမ ၇၆ ရာခိုင်နှုန်းဖြင့် တစ်နိုင်ငံလုံးတွင် အောင်ချက်ရာခိုင်နှုန်း အဆင့် ၁ ရရှိခဲ့ကြောင်း၊ ထို့ကြောင့် ယမန်နှစ်ရရှိခဲ့သည့် အဆင့်ထက် မလျော့ကျသွားအောင် ယခုနှစ်ဖြေဆိုကြမည့် ကျောင်းသား၊ ကျောင်းသူများကို ထူးချွန်အောင်မြင်စေရန်နှင့် အောင်ချက်ရာခိုင်နှုန်း ဆက်လက်မြင့်မားစေရေး၊ တန်းစဉ်ကူးပြောင်းမှုနှင့်ပတ်သက်၍ အတန်းအလိုက် နှစ်စဉ်အပြည့်အဝ တန်းစဉ်ကူးပြောင်းနိုင်ရေး တာဝန်ရှိသူများ၊ ဆရာ ဆရာမများနှင့် မိဘများက အတူတကွ ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်သွားကြရန် မှာကြားသည်။
ထို့ပြင် ဆရာ၊ ဆရာမများအနေဖြင့်လည်း ကျောင်းသား၊ ကျောင်းသူများကို စာပေပညာသင်ကြားပေးရာတွင် တန်းစဉ်အလိုက် စာကြေအောင်၊ စာတတ်အောင် လေ့ကျင့်သင်ကြားပေးကြရန်လိုကြောင်းနှင့် လိုအပ်သည်များကို ပြည်နယ်ဝန်ကြီးချုပ်၊ တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်သွားကြရန်လိုကြောင်း ဒုတိယဗိုလ်ချုပ်မှူးကြီးက မှာကြားသည်။
