◾ NUG ရဲ့ ကနီ ပညာရေးတာဝန်ခံမိသားစုသုံးဦးကို PDF ကြီးစိုးနယ်မြေမှာ မိသားစုလိုက် ရက်စက်စွာသတ်ဖြတ်ပြီး တစ်နှစ်ကျော်အကြာမှာ ထပ်မံဖြစ်ပွားခဲ့ခြင်းဖြစ်
နေမိုး
၁၇. ၁၂. ၂၀၂၅
ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် နိုဝင်ဘာ ၄ ရက်က PDF တွေ ကြီးစိုးထိန်းချုပ်ထားတဲ့ တပုန်းကျေးရွာမှာ PDF တွေရဲ့ သစ်ခိုးထုတ်မှုတိုင်ကြားသူ ကနီမြို့နယ် ပညာရေးဘုတ်အဖွဲ့တာဝန်ခံ CDM ကျောင်းဆရာဦးဝင်းဌေး၊ ဇနီး ဒေါ်ခြိမ့်ခြိမ့်သဲဝေနဲ့ သုံးနှစ်သမီးငယ် မရွှေဝတ်ရည်လွှာတို့ ရက်ရက်စက်စက်သတ်ဖြတ်ခံရပြီး တစ်နှစ်ကျော်တဲ့အထိ တရားခံမပေါ်သေးချိန်မှာ NLD ကို ထောက်ခံတဲ့ CDM ကျောင်းဆရာမလင်မယားဟာ ဒီဇင်ဘာ ၁၆ ရက်နံနက်က KNU/PDF ကြီးစိုးနယ်မြေမှာပဲ ထပ် အသတ်ခံလိုက်ရပြန်ပါတယ်။
ဒီတစ်ခါအသတ်ခံရတာက NUG ရဲ့ ပုလောမြို့နယ် ပညာရေးဘုတ်အဖွဲ့တာဝန်ခံ CDM ကျောင်းဆရာမ ဒေါ်အေသီအောင် (ခ) ပန်ထွာနဲ့ လင်ဖြစ်သူ ဦးပြည့်ဖြိုးနိုင်တို့ဖြစ်ပြီး ဒေါ်အေသီအောင်ဟာ အရင်ကတော့ ပုလောမြို့နယ် အမက(၃) ကျောင်းအုပ်ဟောင်းဖြစ်ပြီး NUG ကို ယုံလို့ CDM လုပ်ခါမှ လက်ရှိနေထိုင်ရာ ပုလောမြို့နယ်၊ ဆားခဲရွာမှာ အသတ်ခံလိုက်ရတာပါ။
ဒေါ်အေသီအောင်နဲ့ ယောကျ်ားဖြစ်သူဦးပြည့်ဖြိုးနိုင်တို့ကို ဒီဇင်ဘာ ၁၆ ရက် နံနက် ၁ နာရီခန့်အချိန် ဆားခဲရွာနေအိမ်မှာ သတ်လိုက်ကြတာဖြစ်ပြီး အဲဒီဆားခဲရွာဟာ KNU တပ်မဟာ၄ ၊ KNDO တပ်ရင်း ၇၊ တပ်ခွဲ ၂ နဲ့ PDF တွေ ထိန်းချုပ်ထားတဲ့နေရာပါ။
ဒေါ်အေသီအောင်တို့လင်မယား အသတ်ခံရတာကို ဖော်ထုတ်မယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် မြိတ်ခရိုင်အမှတ်(၁) တပ်ရင်းက ထုတ်ပြန်ထားသလို သတ်ဖြတ်သူ KNU နဲ့ PDF သုံးဦးကို ဖမ်းမိထားတယ်လို့ သတင်းအချို့သိရပေမယ့် တရားဝင်တော့ ထုတ်ပြန်လာခြင်းမရှိသေးပါဘူး။
