နေမိုး
၁၇. ၁၂. ၂၀၂၅
ပဲခူးတိုင်း ပြည်ခရိုင် သဲကုန်းမြို့နယ် ဇီးအုပ်အုပ်စု ညောင်ပင်စုကျေးရွာနေ ကိုသန်းဇော်ဆိုသူအား အကြီးစားဒလန်ဟု တံဆိပ်ကပ်ကာ ဒီဇင်ဘာ ၁၃ ရက် နေ့လယ် ၂ နာရီအချိန်ခန့်တွင် ညောင်ပင်စုကျေးရွာ၌ရှိနေစဥ် ဝင်ရောက်သတ်ဖြတ်လိုက်သည်ဟု ကျူးလွန်သည့် ပေါင်းတည် PDF အဖွဲ့ဖြစ်သော ပေါင်းတည်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ယနေ့ဝန်ခံသည်။
ကိုသန်းဇော်မှာ စစ်မှုထမ်းစုဆောင်းရာတွင်တပ်သားသစ် စုဆောင်းပေးခြင်း၊ နှစ်လုံး၊ သုံးလုံးနှင့် ကြက်ဝိုင်းများထောင်၍ ငွေရှာပေးခြင်း၊ယင်း၏သတင်းပေးပို့မှုကြောင့် PDF တချို့ ဖမ်းဆီးသတ်ဖြတ်ခံရခြင်းနှင့် ယင်းကြောင့်ရှောင်တိမ်းနေရသည် ရွာသူရွာသားများလည်းရှိသဖြင့် သတ်ဖြတ်သည်ဟု ပေါင်းတည် PDF က ဆင်ခြေပေးထားသော်လည်း ထိုစွပ်စွဲချက်များ မှန်မမှန်ကိုမူ သက်သေလည်း မပြနိုင်ချေ။
ပဲခူးတိုင်းသည် အုပ်ချုပ်ရေးမှူးနှင့် ပြည်သူ အများအပြား သတ်ဖြတ်ခံရသည့် တိုင်းတစ်ခုဖြစ်သလို ဖမ်းဆီးရမိမှုလည်း မရှိသလောက်နည်းပါးသည်။
နွေဦးတော်လှန်ရေးစတင်ချိန်မှ ယခုနှစ် ဩဂုတ်လ ၁၄ ရက်နေ့အထိ အကြမ်းဖက်အဖွဲ့များ၏လုပ်ရပ်ကြောင့် သံဃာတော်အပါး ၁၀၀ ကျော်၊ ကျောင်းသားကျောင်းသူများအပါအဝင် ကလေးသူငယ် ၃၅၇ ဦး၊ အုပ်ချုပ်ရေးဝန်ထမ်း ၁,၂၅၃ ဦး၊ ဆရာ/ဆရာမ ၁၂၀ ဦးနှင့် ကျန်းမာရေးဝန်ထမ်း ၂၄ ဦး အပါအဝင် အပြစ်မဲ့ပြည်သူ ၉,၆၁၆ ဦးမှာ “ဒလန်၊ သူလျှို၊ သတင်းပေး၊ ပျူစောထီး၊ နစကယန္တရားလည်ပတ်အောင်ပြုလုပ်ပေးသူ” ဆိုသည့် စွပ်စွဲချက်များနှင့် NLD, CRPH, NUG, PDF, EAOs တို့၏ သတ်ဖြတ်မှုကို ခံထားရသည်။
