◾️ လက်ရှိဆင်နွှဲနေသည့် အကြမ်းဖက်မှု တိုက်ဖျက်ရေး စစ်ဆင်မှုများတွင် တပ်မတော်(လေ)အနေဖြင့် နိုင်ငံအနှံ့ပျံသန်းစစ်ဆင်မှုများ ထိထိရောက်ရောက် ဆောင်ရွက်ကာ အထောက်အကူပြုနေ
၁၅. ၁၂. ၂၀၂၅
Written by Nyein Kyaw
မြန်မာ့တပ်မတော်(လေ)ကို အင်အားတောင့်တင်းခိုင်မာသည့် လေတပ်တစ်ခုအဖြစ် အဆင့်ဆင့် တည်ဆောက်ပေးလျက်ရှိရာ လက်ရှိတွင် မြန်မာ့ဝေဟင်ပိုင်နက်တစ်ခုလုံးကို အလှမ်းမီ စိုးမိုးနိုင်ရန် ဖြန့်ကျက်ချထားနိုင်ပြီဖြစ်ကြောင်း နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က တပ်မတော်(လေ) ဖွဲစည်းတည်ထောင်မှု (၇၈) နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားတွင် ပြောကြားသည်။
တပ်မတော် (ကြည်း/ ရေ/ လေ) ဟူသည့် ကာကွယ်ရေးစွမ်းအားစုကြီးကို ခိုင်မာတောင့်တင်းပြီး စွမ်းရည်မြင့်မားထက်မြက်စွာ တည်ဆောက်ထားရန် အထူးလိုအပ်ကြောင်း၊ သို့မှသာ အမိနိုင်ငံတော်၏ အချုပ်အခြာ အာဏာနှင့် နယ်မြေပိုင်ဆိုင်မှုကို အာမခံချက်အပြည့်အဝဖြင့် ကာကွယ်စောင့်ရှောက်ပေးနိုင်မည်ဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြောကြားသည်။






တပ်မတော်(လေ)ကိုလည်း ခေတ်အဆက်ဆက် ကြုံတွေ့ခဲ့ရသည့် အတွေ့အကြုံများအပေါ် သင်ခန်းစာဖော်ထုတ်ကာ ခေတ်မီပြီး စွမ်းရည်ထက်မြက် အင်အားတောင့်တင်းခိုင်မာသည့် လေတပ်တစ်ခုအဖြစ် အဆင့်ဆင့်တည်ဆောက်ပေးလျက်ရှိကြောင်း၊ စတင်ဖွဲ့စည်းတည်ထောင်ချိန်က အခြေစိုက်စခန်း ၁ ခုနှင့် ပျံသန်းရေးအုပ် အနည်းငယ်သာ ရှိခဲ့ရာမှ ယခုဆိုပါက မြန်မာ့ဝေဟင်ပိုင်နက်တစ်ခုလုံးကို အလှမ်းမီ စိုးမိုးနိုင်ရန် ဖြန့်ကျက်ချထားနိုင်ပြီဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြောကြားသည်။
စွမ်းဆောင်ရည်ပိုင်းတွင်လည်း သောင်းကျန်းမှု နှိမ်နင်းရေးလေတပ်အဆင့်မှ နည်းဗျူဟာမြောက် လေတပ်တစ်ခုအဖြစ် တိုးတက်တည်ဆောက်နိုင်ခဲ့ကြောင်း၊ လက်ရှိဆင်နွှဲနေသည့် အကြမ်းဖက်မှု တိုက်ဖျက်ရေးစစ်ဆင်မှုများတွင် တပ်မတော်(လေ)အနေဖြင့် နိုင်ငံအနှံ့ပျံသန်းစစ်ဆင်မှု များ ထိထိရောက်ရောက်ဆောင်ရွက်ကာ အထောက်အကူပြုနေသည်ကို တွေ့ရှိရမည်ဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြောကြားသည်။
ထိရောက်အစွမ်းထက်မြက်သည့် လေကြောင်းစွမ်းအားကို ပိုင်ဆိုင်အသုံးချနိုင်ရေး လေတပ်၏ တိုက်စွမ်းအားနှင့် တိုက်စွမ်းရည် နှစ်မျိုးလုံး မြင့်မားပြည့်စုံအောင် တည်ဆောက်ထားရန် အထူးလိုအပ်ကြောင်း၊ တိုက်စွမ်းအား တိုးတက်ကောင်းမွန်စေရေးအတွက် နိုင်ငံတော်အနေဖြင့် လေယာဉ်ရဟတ်ယာဉ်နှင့် စစ်ဆင်ရေး အထောက်အကူ စနစ်များကို အခါအားလျော်စွာ ကြိုးပမ်းဖြည့်တင်းပေးနေကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြောကြားသည်။
ယင်းစနစ်များ အမြဲတမ်းကောင်းမွန်ပြီး စွမ်းအားပြည့်တိုက်ပွဲဝင်နိုင်မှသာ တိုက်စွမ်းအားရရှိမည် ဖြစ်သည့်အတွက် တပ်မတော်(လေ)စစ်သည်တော်များအနေဖြင့် အမြတ်တနိုးတန်ဖိုးထားကာ စနစ်တကျ ကိုင်တွယ်အသုံးပြုကြရန်၊ ပြုပြင်ထိန်းသိမ်းကြရန် အလေးအနက် တိုက်တွန်းလိုကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြောကြားသည်။
