နေမိုး
၁၅. ၁၂. ၂၀၂၅
လက်နက်ကိုင်အကြမ်းဖက်အဖွဲ့များသည် တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မြို့၊ ရွာများ အတွင်း တိုက်ပွဲများဖော်ဆောင်ခြင်း၊ လက်နက်ကြီးများဖြင့် အဝေးမှပစ်ခတ်ခြင်း၊ Drone ဖြင့် Drop Bomb များ ပစ်ချတိုက်ခိုက်ခြင်း၊ လက်လုပ်ဗုံး၊ လက်လုပ်မိုင်းများဖြင့် မိုင်းထောင်ဖောက်ခွဲ တိုက်ခိုက်ခြင်းများအား လုပ်ဆောင်လျက်ရှိသည့်အပြင် မြန်မာ့သစ်လုပ်ငန်း ဝန်ထမ်းများနှင့် အပြစ်မဲ့ အရပ်သားပြည်သူများကို ပစ်မှတ်ထားဖမ်းဆီး၍ ခြိမ်းခြောက်ငွေတောင်းခံခြင်း၊ သတ်ဖြတ်ခြင်းများ စသော လူသားချင်း မစာနာသည့် လူမဆန်သော အကြမ်းဖက်မှုများနှင့် ရာဇဝတ်မှုများအား ကျူးလွန် လုပ်ဆောင်လျက်ရှိရာ ယခုလည်း ပလင်းကမ်းသာယာဆင်စခန်းမှ မြန်မာ့သစ်လုပ်ငန်းမန်နေဂျာဇနီးမောင်နှံနှင့် ဝန်ထမ်း နှစ်ဦးကို PDF များက ခြိမ်းခြောက် ဖမ်းဆီးသွားသည့်အပြင် ကားတစ်စီးပါလုယက်သွားကြသည်ဟု ပြည်ထဲရေးဝန်ကြီးဌာနမှ သိရသည်။
ဖြစ်စဥ်မှာ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၁၃ ရက် ညနေ ၄ နာရီ ၅၅ မိနစ်တွင် မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ ပုလင်းကြီးကျေးရွာရှိ ပလင်းကမ်းသာယာ ဆင်စခန်းသို့ PDF ခြောက်ဦးခန့်က ဆိုင်ကယ် သုံးစီးဖြင့် ရောက်ရှိလာပြီး အဆိုပါ ဆင်စခန်း၌ တာဝန်ထမ်းဆောင်နေသော ညောင်ဦးမြို့နယ်၊ အမှတ်(၁)ရပ်ကွက်နေသူများဖြစ်ကြသည့် မြန်မာ့သစ်လုပ်ငန်းမှ လက်ထောက်မန်နေဂျာဖြစ်သူ ဦးချစ်ကိုကို(၄၂)နှစ်နှင့် သစ်အုပ်ဖြစ်သူ ဦးသောင်းကြည်(၅၀)နှစ်၊ အမှတ်(၂)ရပ်ကွက်နေ နေ့စားလုပ်သား ဦးစောလင်း(၆၃)နှစ်နှင့် မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ (ည)ရပ်ကွက်နေ ဦးချစ်ကိုကို၏ဇနီးဖြစ်သူ ဒေါ်စန္ဒာဝင်း တို့အား ဦးချစ်ကိုကို ပိုင်ဆိုင်သည့် MARK II အမျိုးအစား အဖြူရောင် မော်တော်ယာဉ် တစ်စီးနှင့်အတူ အကြမ်းဖက်ခြိမ်းခြောက်၍ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း သိရသည်။
အထက်ပါဖြစ်စဉ်မှ မြန်မာ့သစ်လုပ်ငန်း ဝန်ထမ်းများနှင့် အပြစ်မဲ့ အရပ်သားပြည်သူ တစ်ဦးအား ပစ်မှတ်ထားဖမ်းဆီး၍ ခြိမ်းခြောက်ငွေတောင်းခံခြင်း၊ သတ်ဖြတ်ခြင်းများစသော လူသားချင်း မစာနာသည့် လူမဆန်သော ရာဇဝတ်မှုများအား ကျူးလွန်လုပ်ဆောင်လျက်ရှိသည့် အကြမ်းဖက် သမားများအား ဖော်ထုတ်ဖမ်းဆီး အရေးယူနိုင်ရေးနှင့် ဖမ်းဆီးခံထားရသူများအား ပြန်လည်ကယ်တင်နိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက လုံခြုံရေးလုပ်ငန်းစဉ်များနှင့်အညီ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
