၁၆. ၁၂. ၂၀၂၅
Written by Nyein Kyaw
ရွေးကောက်ပွဲ မအောင်မြင်စေရန်၊ မဖြစ်မြောက်စေရန် ကြိုးပမ်းဆောင်ရွက်မှု မှန်သမျှသည် တိုင်းရင်းသားပြည်သူတစ်ရပ်လုံး၏ဆန္ဒကို ဖျက်ဆီးခြင်းဖြစ်သည့်အတွက် ရွေးကောက်ပွဲကို နှောင့်ယှက်လာမည့် အဖျက်အမှောင့် မှန်သမျှကိုလည်း ပြည်သူလူထုအားလုံးနှင့် ဝိုင်းဝန်းကာကွယ် တိုက်ဖျက်ကြရန်လိုအပ်ကြောင်း နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဒုတိယဥက္ကဋ္ဌ၊ ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ဒီဇင်ဘာ ၁၅ ရက်တွင် ကျင်းပသည့် တပ်မတော်သူနာပြုနှင့် ဆေးဘက်ပညာတက္ကသိုလ်၊ အမျိုးသမီးသူနာပြုနှင့် ဆေးဘက်ပညာသိပ္ပံဘွဲ သင်တန်းအမှတ်စဉ် (၁၀) သင်တန်းဆင်း ဂုဏ်ပြုစစ်ရေးပြ အခမ်းအနားတွင် ပြောကြားသည်။
ရွေးကောက်ပွဲဖြစ်ရန်အတွက် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ အားလုံးမဲပေးခွင့်ရှိအောင် စီစဉ်ဆောင်ရွက်ပေးထားသကဲ့သို့ ဂုဏ်သိက္ခာရှိသည့် ရွေးကောက်ပွဲဖြစ်ရန်နှင့် မဲမသမာမှု လုံးဝမဖြစ်စေရေး Myanmar Electronic Voting Machine-MEVM အသုံးပြုမဲပေးနိုင်စေရေး စီမံဆောင်ရွက်ထားပြီးဖြစ်သည့်အပြင် နိုင်ငံတကာရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသူများကိုလည်း ဖိတ်ခေါ်ထားပြီးဖြစ်ကြောင်း ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြောကြားသည်။





မိမိနိုင်ငံ၏ တည်ငြိမ်အေးချမ်းရေးနှင့် ဒီမိုကရေစီကျင့်သုံးမှု ပိုမိုတိုးတက်ဖွံ့ဖြိုးရေးကို လိုလားသည့် မိတ်ဖက်နိုင်ငံများသည် ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေး ထောက်ခံအားပေးခဲ့ကြသကဲ့သို့ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေးအဖွဲ့ များကိုလည်း စေလွှတ်ပေးသွားမည်ဟု သိရှိရကြောင်း ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြောကြားသည်။
ထို့ပြင် ပြည်တွင်းရွေးကောက်ပွဲစောင့်ကြည့် လေ့လာသူများအတွက် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်နှင့် ကျင့်ဝတ်များကို ထုတ်ပြန်ပေးခဲ့ပြီး မြန်မာနိုင်ငံသတင်းမီဒီယာများအတွက် ၂၀၂၅ ခုနှစ် အထွေထွေရွေးကောက်ပွဲလမ်းညွှန်ကိုလည်း ထုတ်ပြန်ပေးထားပြီးဖြစ်ကြောင်း၊ ထိုသို့ လုပ်ဆောင်ပေးထားခြင်းသည် ၂၀၂၅ ခုနှစ် ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ပွင့်လင်းမြင်သာမှုနှင့် လွတ်လပ်၍ တရားမျှတမှုရှိကြောင်းကို နိုင်ငံတကာနှင့် ပြည်တွင်းလေ့လာ စောင့်ကြည့်ရေးအဖွဲ့များက လေ့လာစောင့်ကြည့်နိုင်ရေး စီစဉ်ဆောင်ရွက်ပေးထားခြင်းပင်ဖြစ်ကြောင်း ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြောကြားသည်။
ရွေးကောက်ပွဲသည် တိုင်းရင်းသားပြည်သူ တစ်ရပ်လုံးလိုလားသည့် ဒီမိုကရေစီခရီး၏ အရေးကြီးသော ပထမလုပ်ငန်းစဉ်ဖြစ်၍ ရွေးကောက်ပွဲ မအောင်မြင်စေရန်၊ မဖြစ်မြောက်စေရန် ကြိုးပမ်းဆောင်ရွက်မှုမှန်သမျှသည် တိုင်းရင်းသားပြည်သူ တစ်ရပ်လုံး၏ဆန္ဒကို ဖျက်ဆီးခြင်းဖြစ်သည့်အတွက် ရွေးကောက်ပွဲကို နှောင့်ယှက်လာမည့် အဖျက်အမှောင့် မှန်သမျှကိုလည်း ပြည်သူလူထုအားလုံးနှင့် ဝိုင်းဝန်းကာကွယ် တိုက်ဖျက်ကြရန်လိုအပ်ကြောင်း ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြောကြားသည်။
ညပိုင်းတွင် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲဝင်များသည် အမျိုးသမီးသူနာပြုနှင့် ဆေးဘက်ပညာ သိပ္ပံဘွဲသင်တန်း အမှတ်စဉ်(၁၀) သင်တန်းဆင်း ဂုဏ်ပြုညစာစားပွဲ အခမ်းအနားသို တက်ရောက်ချီးမြှင့်ပြီး သင်တန်းဆင်းသူနာပြုများ၊ ညစာစားပွဲ တက်ရောက်လာကြသူများနှင့်အတူ ဂုဏ်ပြုညစာကို အတူတကွ သုံးဆောင်ခဲ့ကြသည်။
