◾️ နိုင်ငံတော်သမ္မတ လုပ်ချင်သော်လည်း ဥပဒေနှင့်မညီ၍ မဖြစ်ခဲ့သည့်သူများလည်း ရှေ့တွင်ရှိခဲ့ကြောင်းပါ ပြောကြား
၁၄. ၁၂. ၂၀၂၅
Written by Nyein Kyaw
ရွေးကောက်ပွဲအလွန် နိုင်ငံရေးအခင်းအကျင်းတွင် ယာယီသမ္မတ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အနေဖြင့် နိုင်ငံတော်သမ္မတ လုပ်မည်/မလုပ်မည်မှာ ပုဂ္ဂလိပိုင်းဆိုင်ရာကိစ္စရပ်ဖြစ်ပြီး ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီသာဖြစ်လိမ့်မည်ဖြစ်ကြောင်း အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ယနေ့ ကျင်းပသည့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရ၏ အမျိုးသားအဆင့် အွန်လိုင်းလိမ်လည်မှု အမြစ်ဖြတ် နှိမ်နင်းရေး လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။
ရွေးကောက်ပွဲအလွန် နိုင်ငံရေးအခင်းအကျင်းတွင် ယာယီသမ္မတ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ပါဝင်ဆောင်ရွက်မည့် အခန်းကဏ္ဍနှင့် ရွေးကောက်ပွဲအလွန် လွှတ်တော်များ ပေါ်ပေါက်ချိန် နိုင်ငံတော်သမ္မတအဖြစ် တာဝန်ထမ်းဆောင်ရန် ကမ်းလှမ်းခဲ့ပါက ယာယီသမ္မတအနေဖြင့် နိုင်ငံတော်သမ္မတတာဝန်ကို ဆက်လက်ထမ်းဆောင်ရန် အခြေအနေကို မြင်တွေ့ရနိုင်ပါလားဟု သူရိယနေဝန်းသတင်းဌာနမှ မေးမြန်းမှုအပေါ်ဗိုလ်ချုပ်ဇော်မင်းထွန်းက အထက်ပါအတိုင်း ဖြေကြားခဲ့ခြင်းဖြစ်သည်။

“ဒါကတော့ ပုဂ္ဂလိကပိုင်းနဲ့ ဆိုင်တဲ့မေးခွန်းဗျ။ ကျွန်တော်ကတော့ သိသလောက်အထောက်အထား ရှိသလောက်ပဲပြောပါ့မယ်။ အခု ယာယီသမ္မတ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အနေနဲ့က ယခင် ၂၀၁၄ ခုနှစ်လောက်ကတည်းက ပြောခဲ့တာရှိတယ်။ ၂၀၁၅ ရွေးကောက်ပွဲမတိုင်ခင်က တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်အနေနဲ့ နိုင်ငံရေးကဏ္ဍမှာ ဘယ်လိုပါဝင်မလဲဆိုတာ မီဒီယာတွေကလည်း မေးခဲ့ဖူးတယ်နဲ့ တူတယ်။ အဲဒီမှာ ပြောခဲ့ဖူးတာကတော့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အနေနဲ့ အရင်ကတိုင် နိုင်ငံတော်ရဲ့ တာဝန်အဆင့်ဆင့်ကို သူ တာဝန်ယူခဲ့ဖူးတယ်။ နိုင်ငံတော်ရဲ့ တာဝန်အဆင့်ဆင့်ဆိုတာကတော့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် အနေနဲ့က နယက၊ နဝတ မှီလိုက်တာပေါ့။ ဒါ့ကြောင့် နယ်ဘက်တာဝန်အနေနဲ့က တိုင်းအေးချမ်းသာယာရေးနဲ့ ဖွံ့ဖြိုးရေးကောင်စီမှာလည်း ဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးတယ်။ ပြီးရင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်လိုင်းဘက်ကို တာဝန်ထမ်းဆောင်ခဲ့ဖူးတယ်။ အတွေ့အကြုံတွေရှိတယ်။ အတွေ့အကြုံတွေရှိတဲ့အတွက်ကြောင့်မို့လို့ သူ့အနေနဲ့ နိုင်ငံတော်က တာဝန်ပေးလာလို့ရှိရင် နိုင်ငံတော်အတွက် သူ့အတွေ့အကြုံတွေကို အမြဲတမ်းအသုံးချပေးပြီးတော့မှ လုပ်ဆောင်သွားမယ်ဆိုတဲ့ ပြောခဲ့ဖူးတဲ့ စကားတော့ ရှိပါတယ်။အဲဒီစကားကိုပဲ ပြန်ကိုးကားလိုတယ်” ဟု ပြောကြားသည်။
နိုင်ငံတော်သမ္မရွေးချယ်မှုသည် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီသာဖြစ်မည်ဖြစ်ပြီး နိုင်ငံတော်သမ္မတကို ဥပဒေနှင့် မညီပါက လုပ်ချင်တိုင်းလည်းလုပ်၍ မရကြောင်းနှင့် လုပ်ချင်သော်လည်းဘဲ ဥပဒေနှင့်မညီ၍ မဖြစ်ခဲ့သည့်သူများလည်း ယခင်အစိုးရလက်ထက်များတွင် တွေ့မြင်ခဲ့ပြီးသားဖြစ်ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။
“နောက်တစ်ခုကတော့ သမ္မတရွေးချယ်မှုတွေက တစ်ဦးချင်းအနေနဲ့ကတော့ နိုင်ငံတော်သမ္မတကို လုပ်ချင်ပါတယ်လို့လည်း ပြောလို့မရဘူး။ မလုပ်ချင်ပါဘူးလို့လည်း ပြောလို့မရဘူး။ ဒါသူ့ဥပဒေအတိုင်းပဲ။ ဆိုလိုတာက လုပ်ချင်ပါတယ်ဆိုတိုင်းလည်း ဥပဒေနဲ့မညီရင်မဖြစ်ဘူး။ မလုပ်ချင်ပါဘူးဆိုတိုင်းလည်း ရွေးကောက်တင်မြှောက်ခံရရင် မဖြစ်ဘူးပေါ့နော်။ လုပ်ချင်ပါတယ်ဆိုတိုင်းလည်း မဖြစ်တဲ့သူတွေလည်း ရှေ့မှာလည်းတွေ့ခဲ့ဖူးပြီးသားဖြစ်မှာပါ။ ကျွန်တော်တို့ သမ္မတရွေးချယ်တဲ့အခါမှာတော့ အခြေခံအချက်အလက်တွေရှိပါတယ်။ အခြေခံအချက်အလက်တွေကတော့ ဒီပြည်သူလူထုက ရွေးချယ်လိုက်တဲ့ ကိုယ်စားလှယ်တွေပေါ့နော်။ ပြည်သူလူထုက ရွေးချယ်လိုက်တဲ့ ကိုယ်စားလှယ်တွေကနေပြီးတော့ ဒါလွှတ်တော်အမတ်တွေ၊ ကိုယ်စားလှယ်တွေပေါ့။ ကိုယ်စားလှယ်တွေကနေမှ ဒုတိယသမ္မတတွေကို ရွေးချယ်ရတာဖြစ်တယ်။ ဒီသမ္မတရွေးချယ်တင်မြောက်ချင်းကိစ္စကလည်း ၂၀၀၈ အခြေခံဥပဒေမှာ ပါပြီးဖြစ်တယ်။ သမ္မတရွေးချယ်ရေးအဖွဲ့နဲ့ ရွေးချယ်လိုက်ပြီးမှ သူက အဆင့်ဆင့်ပေါ့နော်။ မဲပေးရတာရှိတယ်။ မဲပေးပြီးဖြစ်လာရင်တော့လည်း သမ္မတလုပ်နိုင်ပါတယ်။ ဥပဒေအရ အကြုံးဝင်ရင် လုပ်နိုင်ပါတယ်။ ဒီတော့ ကျွန်တော့်အနေနဲ့ ပြောလိုတာကတော့။ အနှစ်ချုပ်ပြီးပြောရရင်တော့ ဒီ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီပဲ ဖြစ်ပါလိမ့်မယ်လို့လည်း ပြောချင်ပါတယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။
