၁၄.၁၂.၂၀၂၅
Written by Linn Eain
နေပြည်တော်ကောင်စီနယ်မြေ ဥတ္တရသီရိမြို့နယ်တွင် ကြာနီကန်ဆရာတော်၏ အနန္တငါးပါးရှိခိုးမှုနှင့် ကိုရီးယားဂန်းနန်းစတိုင် သီချင်းတီးလုံးပေါင်းပြီး ကပြဖျော်ဖြေခဲ့သည့် “အောင်စိုးမင်း”ဆိုင်းအဖွဲ့အား သာသနာညှိုးနွမ်းစေမှုဖြင့် ဖမ်းဆီးအရေးယူထားကြောင်း ဒီဇင်ဘာ ၁၄ ရက်တွင် သိရသည်။

ထိုသို့အရေးယူခံရသည့် “အောင်စိုးမင်း” ဂီတပဒေသာဆိုင်းအဖွဲ့မှ ဆိုင်းဆရာအပါအဝင် အမျိုးသားလေးဦးနှင့် အမျိုးသမီးတစ်ဦးတို့ကို သာသနာ ညှိုးနွမ်းစေရန်နှင့် အများပြည်သူ အမြင်မတင့်တယ်စေသည့်အတွက် တောင်ညိုနယ်မြေရဲစခန်း၌ ရာဇသတ်ကြီးပုဒ်မ ၂၉၄/ ၂၉၅-က ဖြင့် ဒီဇင်ဘာ ၁၁ ရက်က အမှုဖွင့် ဖမ်းဆီးအရေးယူခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ နေပြည်တော်ကောင်စီနယ်မြေ ဥတ္တရသီရိ မြို့နယ်၊ ဇလောင်းကျေးရွာတွင် ဒီဇင်ဘာ ၅ ရက်မှ ၇ ရက်အထိ “အောင်စိုးမင်း” ဂီတပဒေသာဆိုင်းအဖွဲ့က တီးခတ်ကပြဖျော်ဖြေခဲ့ရာ ဒီဇင်ဘာ ၆ ရက် ညပိုင်းက တီးမှုတ်ကပြဖျော်ဖြေမှုတွင် ကြာနီကန်ဆရာတော်၏ အနန္တငါးပါးရှိခိုးမှုနှင့် ကိုရီးယားဂန်းနန်းစတိုင် သီချင်းတီးလုံးတို့အား ပေါင်းစပ်သရုပ်ဖော်၍ ဆိုင်းဆရာအဖြစ် စိုးသိန်း (ခ) အောင်စိုးမင်းက တီးခတ်ခဲ့ပြီး လူရွှင်တော်ဖြစ်သူ စိုးမင်းဦးက သင်္ကန်းဝတ်ဆင် သရုပ်ဖော်ကာ ကိုရီးယားသီချင်းတီးလုံးဖြင့် သင်္ကန်းအားချွတ်ကာ အများပြည်သူအမြင်မတင့်တယ်သည့် ညစ်ညမ်းသောအပြုအမူဖြင့် အင်္ကျီမပါ ပုဆိုးခါးတောင်းကျိုက်ပြီး သရုပ်ပျက်ကပြရာတွင် ထက်လင်းဦး (ခ) မျက်ပြူး၊ ကိုဖြိုး (ခ) ဝေဖြိုးထက်နှင့် နန်းဝတီတို့က ပါဝင်သရုပ်ဖော်ကပြခဲ့ကြောင်း သိရသည်။

ထို့ကြောင့် ၎င်းတို့ကို အရေးယူနိုင်ရန်အတွက် တောင်ညိုနယ်မြေရဲစခန်းတွင် အမှုဖွင့်ခဲ့ပြီး ဖမ်းဆီးရမိနိုင်ရေးဆောင်ရွက်ခဲ့ရာ ဥတ္တရသီရိမြို့နယ် ရွှေနံ့သာရပ်ကွက်နေသူများဖြစ်ကြသည့် “အောင်စိုးမင်း” ဂီတပဒေသာဆိုင်းအဖွဲ့မှ ဆိုင်းဆရာဖြစ်သူ စိုးသိန်း (ခ) အောင်စိုးမင်း (၅၈) နှစ်၊ သင်္ကန်းဝတ်ဆင်၍ သရုပ်ပျက်ကပြခဲ့သည့် လူရွှင်တော်ဖြစ်သူ စိုးမင်းဦး (၄၂) နှစ်၊ ပါဝင်ကပြဖျော်ဖြေခဲ့သူ မနန်းဝတီ (၁၆) နှစ်၊ ကျွဲရှင်းကျေးရွာနေ ကိုဖြိုး (ခ) ဝေဖြိုးထက် (၃၉) နှစ်တို့ လေးဦးအား ယင်းနေ့ ည ၁၀ နာရီ မိနစ် ၅၀တွင်လည်းကောင်း၊ လယ်ဝေးမြို့နယ် ကြောင်ရေကျေးရွာနေ ထက်လင်းဦး (ခ) မျက်ပြူး (၂၈)နှစ်တို့ကို ဒီဇင်ဘာ ၁၃ ရက် မွန်းလွဲ ၁ နာရီတွင်လည်းကောင်း ၎င်းတို့ နေအိမ်အသီးသီးတွင် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

