၁၁.၁၂.၂၀၂၅
Translated by Htwe Ko Tun
ဟားမားစ် စစ်သွေးကြွအဖွဲ့ရဲ့ထိပ်တန်းခေါင်းဆောင်တစ်ဦးက ဟားမားစ်အုပ်စုအနေနဲ့ လက်နက်တွေ တိုးချဲ့တပ်ဆင်မှုရပ်တန်ဖို့ အသင့်ရှိနေပေမယ့် အမေရိကန်က ဂါဇာဒေသ ငြိမ်းချမ်းရေးအစီအစဉ် တင်ပြ ထားတဲ့ လက်နက်ဖျက်သိမ်းရေးတောင်းဆိုချက်ကိုတော့ လက်မခံနိုင်ဘူးလို့ ဒီဇင်ဘာလ ၁၀ ရက်က ကာတာသတင်းဌာန Al Jazeera ကို ပြောကြားခဲ့ပါတယ်။
“လုံးဝလက်နက်ဖျက်သိမ်းရေး အယူအဆကို ဟားမားစ်တို့အနေနဲ့ လက်မခံနိုင်ပါ။ အဆိုပြုထားတာကအစ္စရေးရဲ့သိမ်းပိုက်မှုနဲ့အတူ ဂါဇာမှာ စစ်ရေးတင်းမာမှုတွေ မြင့်တက်လာတာကို အာမခံချက်ပေးဖို့ လက်နက်တွေကိုထိန်းချုပ်ဖို့ ဒါမှမဟုတ် သိုလှောင်မှုကို ရပ်တန့်ဖို့ဖြစ်တယ်” လို့ ဒီဇင်ဘာလ ၁၀ ရက်က ထုတ်လွှင့်ခဲ့တဲ့ တွေ့ဆုံမေးမြန်းပွဲတစ်ခုမှာ ဟားမားစ်ခေါင်းဆောင်တစ်ဦး ဖြစ်တဲ့ ခါလက် မီရှာက ပြောကြားခဲ့တာပါ။
သူက “ဒါက ကျွန်တော်တို့ ကြားဝင်ညှိနှိုင်းပေးသူတွေနဲ့ ဆွေးနွေးနေတဲ့ အတွေးအခေါ်ဖြစ်ပြီး အမေရိကန်ရဲ့ လက်တွေ့ကျတဲ့ အတွေးအခေါ်နဲ့ဆိုရင်… ဒီလိုအမြင်မျိုးကို အမေရိကန်အစိုးရနဲ့ သဘောတူနိုင်မယ်လို့ ကျွန်တော်ယုံကြည်ပါတယ်” လို့ ဆက်လက် ပြောခဲ့ပါတယ်။
အမေရိကန်က ကြားဝင်စေ့စပ်ခဲ့တဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ဟာ အောက်တိုဘာ ၁၀ ရက်မှစ၍ အသက်ဝင်ခဲ့ပြီး ၂၀၂၃ ခုနှစ် အောက်တိုဘာ ၇ ရက်မှာ ဟာမားစ်ရဲ့ အစ္စရေးနိုင်ငံကို အသက်ဆုံးရှုံးမှုဖြစ်စေတဲ့ တိုက်ခိုက်မှုအပြီး စတင်ခဲ့တဲ့ စစ်ပွဲကို ရပ်တန့်စေခဲ့ပါတယ်။ ဒါပေမယ့် အစ္စရေးနဲ့ ဟားမားစ် တို့ဟာ နေ့စဉ်နီးပါး တစ်ဦးကိုတစ်ဦး အပစ်အခတ်ရပ်စဲရေးကို ချိုးဖောက်တယ်လို့ အပြန်အလှန်စွပ်စွဲနေကြတာကြောင့် သူတို့ရဲ့ အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်က ခိုင်မာမှု မရှိသေးပါဘူး။
သဘောတူညီချက်ကို အဆင့်သုံးဆင့်နဲ့ ဖွဲ့စည်းထားပါတယ်။ မကြာသေးမီက အစ္စရေးဝန်ကြီးချုပ် ဘင်ဂျာမင် နေတန်ယာဟုက ဒုတိယအဆင့်ကို ရောက်ရှိတော့မယ်လို့ ပြောခဲ့ပါတယ်။ ထိုအဆင့်မှာ အစ္စရေးတပ်ဖွဲ့တွေက ဂါဇာရှိ သူတို့ရဲ့နေရာတွေကနေ ထပ်မံဆုတ်ခွာပြီး နိုင်ငံတကာငြိမ်းချမ်းရေး တပ်ဖွဲ့ (ISF) နဲ့ အစားထိုးမှာဖြစ်သလို ဟားမားစ်တို့က သူတို့ရဲ့လက်နက်တွေကို စွန့်လွှတ်ရမှာပါ။
သဘောတူညီချက်ရဲ့ပထမအဆင့်မှာ ဟားမားစ် ပါလက်စတိုင်းစစ်သွေးကြွတွေဟာ နယ်မြေအတွင်း ဖမ်းဆီးခံထားရတဲ့ အသက်ရှင်ကျန်ရစ်သူနဲ့ သေဆုံးသူ ၄၈ ဦးကို လွှတ်ပေးဖို့ ကတိပြုခဲ့ပါတယ်။ ဟားမားစ် တို့က ဓားစာခံအားလုံးကို အလောင်းတစ်လောင်းကလွဲလို့ လွှတ်ပေးခဲ့ပြီးဖြစ်ပါတယ်။

အပြန်အလှန်အနေနဲ့ အစ္စရေးက ထိန်းသိမ်းထားတဲ့ ပါလက်စတိုင်းအကျဉ်းသား ၂,၀၀၀ နီးပါးကို လွှတ်ပေးခဲ့ပြီး သေဆုံးသူပါလက်စတိုင်းရာပေါင်းများစွာရဲ့အလောင်းတွေကို ပြန်လည်ပေးအပ်ခဲ့ပါတယ်။
နိုင်ငံတကာငြိမ်းချမ်းရေးတပ်ဖွဲ့နဲ့ ပတ်သက်လို့ မီရှာက အဆိုပါတပ်ဖွဲ့အနေနဲ့ အစ္စရေးနဲ့ ဂါဇာနယ်စပ်တစ်လျှောက်မှာ ဖြန့်ချဖို့ သဘောတူပေမယ့် ပါလက်စတိုင်းနယ်မြေအတွင်း လှုပ်ရှားဖို့ သဘောမတူဘူးလို့ ပြောခဲ့ပြီး ထိုကဲ့သို့သောအစီအစဉ်က နယ်မြေသိမ်းပိုက်မှုသာဖြစ်တယ်လို့ ပြောခဲ့ပါတယ်။
“UNIFIL ကဲ့သို့ နိုင်ငံတကာတပ်ဖွဲ့တွေ သို့မဟုတ် နိုင်ငံတကာငြိမ်းချမ်းရေးတပ်ဖွဲ့တွေကို နယ်စပ်တစ်လျှောက်တွင် ချထားခြင်းကို ကျွန်ုပ်တို့ ကန့်ကွက်ခြင်းမရှိပါ” ဟု အစ္စရေးနယ်စပ်အနီး လက်ဘနွန်တောင်ပိုင်းတွင် ဖြန့်ကျက်ထားသော ကုလသမဂ္ဂငြိမ်းချမ်းရေးတပ်ဖွဲ့ကို ရည်ညွှန်းပြီး မီရှာက ပြောကြားခဲ့ပါတယ်။
အန္တရာယ်က ဂါဇာမှ မဟုတ်ဘဲ ဇီယွန်ဝါဒီအဖွဲ့အစည်းမှ လာပါတယ် လို့ အစ္စရေးကို ရည်ညွှန်းပြီး သူက ထပ်လောင်းပြောကြားခဲ့ပါတယ်။
Ref- France 24
