◾️ ရွေးကောက်ပွဲတွင် ဆန္ဒမဲပေးခြင်း မပေးခြင်းသည် မဲဆန္ဒရှင်များ၏ ဆန္ဒဖြစ်ပြီး မဲပေးနိုင်အောင် ဆောင်ရွက်ပေးရမည်မှာ အစိုးရတာဝန်သာဖြစ်ဟုလည်း ပြောကြား
◾️ ရွေးကောက်ပွဲကျင်းပပြီးစီးချိန်တွင် လွှတ်တော်ကိုခေါ်ယူ၍ အသစ်ဖွဲ့စည်းမည့်အစိုးရအား နိုင်ငံတော်၏ တာဝန်များကို လွှဲပြောင်းပေးအပ်သွားမည်ဖြစ်ကြောင်းပါ ကတိပေး
၁၁. ၁၂. ၂၀၂၅
Written by Nyein Kyaw
ယခင် ရွေးကောက်ပွဲတွင် မဲစာရင်းမှားယွင်းမှုများကြောင့် တာဝန်ယူခဲ့သည့် အစိုးရဖြစ်သဖြင့် မိမိတို့ကျင်းပသည့် ယခု ရွေးကောက်ပွဲသည် မဲစာရင်းမှားယွင်းမှုမရှိရန်လိုအပ်ကြောင်း မြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ယနေ့တွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့် တိုင်းဒေသကြီးနှင့် ခရိုင်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများအားတွေ့ဆုံ၍ ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများ ဆွေးနွေးပြောကြားစဉ် မှာကြားသည်။
ရွေးကောက်ပွဲနှင့် ပတ်သက်၍ ယခု ဒီဇင်ဘာ ၂၈ ရက်နေ့တွင် ရွေးကောက်ပွဲကို ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး အပိုင်းသုံးပိုင်းခွဲ၍ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း၊ ရန်ကုန်တိုင်းဒေသကြီးအတွင်း ရွေးကောက်ပွဲ ရာနှုန်းပြည့် အောင်မြင်စွာကျင်းပနိုင်ရေး ဆောင်ရွက်သွားကြရန်လိုကြောင်း ယာယီသမ္မတက ပြောကြားသည်။
လွတ်လပ်ပြီးတရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မဲပေးပိုင်ခွင့်ရှိသူအားလုံး မဲပေးနိုင်ရန် အရေးကြီးသကဲ့သို့ ၂၀၂၀ ပြည့်နှစ်တွင် ကျင်းပခဲ့သည့် ရွေးကောက်ပွဲကဲ့သို့ မဲမသမာမှုများ မဖြစ်ပေါ်စေရေး ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း ယာယီသမ္မတက မှာကြားသည်။






မဲမသမာမှုများဖြစ်ပေါ်ခဲ့ခြင်းသည် မိမိတို့နိုင်ငံအတွက်ဆိုးရွားသည့် ဖြစ်ရပ်တစ်ခုပင်ဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် ရွေးကောက်ပွဲတွင် မဲစာရင်းများမှားယွင်းမှုများကြောင့် တာဝန်ယူခဲ့သည့် အစိုးရဖြစ်သဖြင့် မိမိတို့ကျင်းပသည့် ရွေးကောက်ပွဲသည် မဲစာရင်းမှားယွင်းမှု မရှိရန်လိုကြောင်း ယာယီသမ္မတက ပြောကြားသည်။
ရာနှုန်းပြည့်မှန်ကန်နိုင်မည် မဟုတ်သော်လည်း အတတ်နိုင်ဆုံးမှန်ကန်အောင် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ မဲစာရင်းတွင်ပါဝင်သူများ မဲပေးခွင့် မဆုံးရှုံးစေရေး ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ ဆန္ဒမဲပေးခြင်း မပေးခြင်းသည် မဲဆန္ဒရှင်များ၏ဆန္ဒဖြစ်ပြီး မဲပေးနိုင်အောင် ဆောင်ရွက်ပေးရမည်မှာ အစိုးရ၏ တာဝန်ပင်ဖြစ်ကြောင်း ယာယီသမ္မတက ပြောကြားသည်။
ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးသည် နိုင်ငံ၏ဂုဏ်သိက္ခာဖြစ်၍ ရွေးကောက်ပွဲ ကျင်းပမည့်နေရာများအားလုံးတွင် အောင်မြင်စွာကျင်းပနိုင်ရေးအတွက် အားလုံးက ဝိုင်းဝန်းဆောင်ရွက်သွားကြရန်လိုကြောင်း၊ ရွေးကောက်ပွဲ ကျင်းပရာတွင် မဲမသမာမှုများပြုလုပ်၍ မရနိုင်သည့် မြန်မာအီလက်ထရောနစ် မဲပေးစက် (MEVM)များဖြင့် မဲပေးနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း ယာယီသမ္မတက ပြောကြားသည်။
လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲ၊ သိက္ခာရှိသည့်ရွေးကောက်ပွဲဖြစ်စေရေး အားလုံးကဝိုင်းဝန်း ဆောင်ရွက်သွား ကြရန်လိုကြောင်း၊ ရွေးကောက်ပွဲကျင်းပပြီးစီးချိန်တွင် လွှတ်တော်ကိုခေါ်ယူ၍ အသစ်ဖွဲ့စည်းမည့်အစိုးရအား နိုင်ငံတော်၏ တာဝန်များကို လွှဲပြောင်းပေးအပ်သွားမည်ဖြစ်ကြောင်း ယာယီသမ္မတက ပြောကြားသည်။
