၁၁.၁၂.၂၀၂၅
Written by Linn Eain





လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် ဒီဇင်ဘာ ၁၁ ရက်၊ မွန်းလွဲပိုင်းတွင် လပွတ္တာမြို့နယ် စစ်မှုထမ်း ဟောင်းအဖွဲ့နှင့်တွေ့ဆုံကာ ရွေးကောက်ပွဲတွင် နိုင်ငံသားစိစစ်ရေးကတ်ပြားကိုင်ဆောင် မဲပေးနိုင်ရေးဆွေးနွေးခဲ့ပြီးနောက် လပွတ္တာခရိုင် လဝကဦးစီးမှူးရုံးနှင့် မြို့နယ်ဦးစီးမှူးရုံးသို့ သွားရောက်စစ်ဆေးခဲ့ကြောင်း သိရသည်။
ပြည်ထောင်စုဝန်ကြီးသည် လပွတ္တာမြို့၊ (၃)မိုင်ရပ်ကွက်ရှိ မြို့နယ်စစ်မှုထမ်းဟောင်းအဖွဲ့ရုံးသို့ သွားရောက်၍ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များအား တွေ့ဆုံကာ လက်ရှိနိုင်ငံတော်အစိုးရ၏ လုပ်ငန်းဆောင်ရွက်မှုအခြေအနေများနှင့် အထွေထွေ ရွေးကောက်ပွဲ အောင်မြင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်နေမှု၊ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များအနေဖြင့် နိုင်ငံသား အခွင့်အရေးမဆုံးရှုံးစေရေးအတွက် ရွေးကောက်ပွဲတွင် ဆန္ဒမဲပေးနိုင်ရေး ဆောင်ရွက်ရန်လိုအပ်မှု၊ ရွေးကောက်ပွဲတွင် နိုင်ငံသားကတ်ပြား ကိုင်ဆောင်မဲပေးနိုင်ရေးနှင့် ကတ်ပြားပျက်စီး/ပျောက်ဆုံးသူများအနေဖြင့် သက်ဆိုင်ရာလဝကမြို့နယ်ရုံးများသို့ ဆက်သွယ် လျှောက်ထား ရယူနိုင်ရေးအခြေအနေ၊ နိုင်ငံသားကတ်ပြား ရရှိကိုင်ဆောင်ထားသူများ အနေဖြင့်လည်း Unique ID နံပါတ်ရရှိရေး ဆက်လက်ဆောင်ရွက်ရန် လိုအပ်မှုအခြေအနေများနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးခဲ့ပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ လပွတ္တာခရိုင်ဦးစီးမှူးရုံးသို့ သွားရောက်၍ ဝန်ထမ်းများ၏ရုံးလုပ်ငန်းဆောင်ရွက်နေမှု၊ ရုံးစာရွက်စာတမ်းများထိန်းသိမ်းထားရှိမှု အခြေအနေများကိုလည်းကောင်း၊ လပွတ္တာမြို့နယ် ဦးစီးမှူးရုံးသို့သွားရောက်၍ ဒေသခံပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြား ပျောက်ဆုံး/ ပျက်စီး/လဲလှယ်မှုအတွက် မိတ္တူဆောင်ရွက်ပေးပြီး Unique ID နံပါတ်ထုတ်ပေးနေမှု၊ ရုံးစာရွက်စာတမ်းများ ထိန်းသိမ်းထားရှိမှု၊ မှတ်တမ်းခန်းအတွင်း ကိုယ်ရေးဖိုင်များ စနစ်တကျထိန်းသိမ်းထားရှိမှုနှင့် ရုံးပတ်ဝန်းကျင်သန့်ရှင်းသပ်ယပ်ရေး ဆောင်ရွက်ထားရှိမှု အခြေအနေများကိုလည်းကောင်း လှည့်လည်ကြည်ရှုစစ်ဆေးခဲ့သည်။





ထိုသို့ စစ်ဆေးမှုအပေါ် တာဝန်ရှိသူများက လိုက်လံရှင်းလင်းတင်ပြကြပြီး ပြည်ထောင်စုဝန်ကြီးက ဝန်ထမ်းများလုံခြုံရေးအသိ၊ လုံခြုံရေးသတိရှိစေရေးနှင့် ရုံးသုံးပစ္စည်းများ၊ စာရွက်စာတမ်းများ ပျက်စီး/ပျောက်ဆုံးမှု မရှိစေရေးအတွက် စနစ်တကျကိုင်တွယ်ထိန်းသိမ်းရေး၊ မကြာမီကျင်းပမည့် အထွေထွေ ရွေးကောက်ပွဲ အောင်မြင်ရေးအတွက် ဆက်စပ်ဌာနများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ရေးမှာကြားခဲ့ကြောင်း သိရသည်။
ထို့ပြင် ပြည်ထောင်စုဝန်ကြီးသည် နံနက်ပိုင်းတွင် လပွတ္တာမြို့၊ ဗောဓိကျောင်းတိုက်သို့ သွားရောက်၍ မြို့နယ်သံဃနာယကအဖွဲ့ ဥက္ကဋ္ဌဆရာတော် ဘဒ္ဒန္တကောဏ္ဍညအမှူးပြုသော ဆရာတော်ကြီးများအား ဖူးမြော်ကာ သာသနာရေးဆိုင်ရာများလျှောက်ထား၍ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် လပွတ္တာမြို့ရှိ ဆည်မြောင်းဧည့်ရိပ်သာခန်းမတွင် ဌာနဆိုင်ရာတာဝန်ရှိသူများအားတွေ့ဆုံ၍ နယ်မြေဒေသတည်ငြိမ်အေးချမ်းမှုနှင့် ရွေးကောက်ပွဲ ကျင်းပနိုင်ရေး ဆောင်ရွက်ထားရှိမှု၊ မဲဆန္ဒရှင်စာရင်း တိကျမှန်ကန်ရေးဆောင်ရွက်မှု အခြေအနေများနှင့် ပတ်သက်ပြီးရှင်းလင်းပြောကြားကာ လိုအပ်သည်များညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
