၁၁.၁၂.၂၀၂၅
Written by Hey Mar
မွေးကင်းစသမီးမိန်းကလေးငယ်ကို အမှိုက်ကန်ထဲ ချက်ကြိုးတန်းလန်းနဲ့ စွန့်ပစ်သွားတဲ့ဖြစ်စဉ် ဒီနေ့ ဒီဇင်ဘာ ၁၁ ရက်နေ့ မနက်အစောပိုင်းက မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ မြရည်နန္ဒာရပ်ကွက် ၅၈ လမ်း၊ ၁၀၂ (A) ထောင့်က အမှိုက်ကန်မှာ ဖြစ်ပွားခဲ့တယ်လို့ မြရည်နန္ဒာ လူမှုကူညီရေး အသင်းထံကနေ သိရပါတယ်။
ကလေးကို စွန့်ပစ်သွားတဲ့အချိန်ကို သေချာမသိရပေမယ့် ခန့်မှန်းခြေအားဖြင့် စည်ပင်ဝန်ထမ်းတွေက မနက် ၅ နာရီလောက်ကို အဆိုပါ အမှိုက်ကန်မှာ စတင်အလုပ်လုပ်နေပြီမို့ မနက်လေးနာရီနဲ့ ငါးနာရီ ကြားမှာ ကလေးကို လာရောက်စွန့်ပစ်ခဲ့ဖွယ်ရှိနိုင်ကြောင်းလည်း အဆိုပါ လူမှုရေးအသင်းက ဆိုပါတယ်။
မြရည်နန္ဒာ လူမှုကူညီရေးအသင်း တာဝန်ရှိသူက”စည်ပင်က သန့်ရှင်းရေးလုပ်သားတွေ အမှိုက်ကန်မှာ အမှိုက်ရှင်းတာ အမှိုက်ခွဲတာတွေ လုပ်နေရင်းမှ ကလေးကို တွေ့တာ။ ကလေးကိုတွေ့တော့ မနက်ခြောက်နာရီလောက်ရှိနေပြီ။ အမှိုက်အိတ်တွေနဲ့ပိနေတော့ ရုတ်တရက် မမြင်ကြဘူး” လို့ MT News ကို ပြောပါတယ်။
ကလေးက အဝတ်မပါ၊ ချက်ကြိုးတန်းလန်းနဲ့ဖြစ်ပြီး မန္တလေးရဲ့ ရာသီဥတုအအေးဒဏ်ကြောင့် တစ်ကိုယ်လုံးပြာနှမ်းနေသလို စတင်တွေ့ရှိသူတွေက တာဝန်ရှိသူတွေနဲ့ လူမှုကူညီရေးအသင်းထံ အကြောင်းကြားလာတာကြောင့် ချက်ချင်းထွက်ခွာကာ သွားရောက် ကြည့်ရှု့စဉ် ကလေးမှာအနည်းငယ်လှုပ်ရှားလာတဲ့အတွက် နီးစပ်ရာ အေးမြမေတ္တာဆေးရုံဆီ လိုအပ်တာတွေပြုလုပ်နိုင်ဖို့ ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။
” ဆေးရုံမှာ တာဝန်ကျဆရာမတွေက ကလေးကို အပူပေးတာတွေ ချက်ကြိုးဖြတ်တာတွေလုပ်ပေးတယ်။ အသက်ရှင်တယ်။ ကျန်းမာရေးလည်း အဆင်ပြေတယ်။ အကောင်ကိုက်တာတွေလည်း မရှိဘူး။ ပေါင်ချိန်က လေးပေါင်ကျော်လေးပဲ။ ဆရာမကတော့ ပေါင်မပြည့်ဘူးပြောတာကြားတယ်။ အခု အသင်းရုံးမှာ စောင့်ရှောက်ကူညီထားပါတယ်” လို့ မြရည်နန္ဒာ လူမှုကူညီရေးအသင်းတာဝန်ရှိသူက ပြောပါတယ်။
