


၁၁. ၁၂. ၂၀၂၅
Written by Nyein Kyaw
ဒီဇင်ဘာဈေးရောင်းပွဲတော်အဖြစ် ရန်ကုန်မြို့တွင် ပြည်တွင်းဖြစ် မြေပဲဆီ၊ နှမ်းဆီ၊ နေကြာဆီများကို တစ်ပိဿာ ကျပ် ၁၆,၀၀၀ ဖြင့် ယခုဒီဇင်ဘာလ ၁၅ ရက်မှစတင်၍ လေးရက်တိုင်တိုင် ရောင်းချပေးသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆီစက်ပိုင်ရှင်များအသင်းမှ ယနေ့တွင် အသိပေးကြေညာထားသည်။
မြန်မာနိုင်ငံဆီစက်ပိုင်ရှင်များအသင်း၏ စီစဉ်ကြီးကြပ်မှုဖြင့် ပြည်တွင်းထုတ် မြေပဲဆီ၊ နှမ်းဆီ၊ နေကြာဆီများကို ဒီဇင်ဘာဈေးရောင်းပွဲတော်ကို ရန်ကုန်မြို့၊ လမ်းမတော်မြို့နယ်၊ မင်းရဲကျော်စွာလမ်းနှင့် ရန်ကင်းမြို့နယ်၊ ရန်ရှင်းလမ်းတို့တွင် ရောင်းချပေးသွားမည်ဖြစ်သည်။
“လိုသလောက်ဝယ်လို့ရပါတယ်။ ဘူးအပါ၊ ပုံးအပါကို တစ်ပိဿာ ၁၆,၀၀၀ နဲ့ ရောင်းပေးမှာပါ။ လိုချင်သလောက်ကို နှစ်ပိဿာဆို နှစ်ပိဿာပုံးနဲ့ပေါ့။ ငါးပိဿာဆို ငါးပိဿာပုံးနဲ့ ပေးမှာပါ။ ပုံးဖိုးထပ်မပေးရပါဘူး” ဟု မြန်မာနိုင်ငံဆီစက်ပိုင်ရှင်များအသင်းမှ တာဝန်ရှိသူက ပြောသည်။
မြန်မာနိုင်ငံဆီစက်ပိုင်ရှင်များအသင်းအနေဖြင့် ပြည်တွင်း၌ စားသုံးဆီဈေးနှုန်းများ မြင့်တက်နေချိန်များနှင့် သီတင်းကျွတ်ဈေးရောင်းပွဲတော်များအဖြစ် ရန်ကုန်မြို့တွင် သက်သာသော ဈေးနှုန်းများဖြင့် ရောင်းချပေးခဲ့မှုရှိပြီး ယခင်ရောင်းချပေးခဲ့ချိန်တွင် တစ်ပိဿာကို ကျပ် ၁၇,၀၀၀ နှုန်းဖြင့် ရောင်းချပေးခဲ့ခြင်းဖြစ်သည်။
ပုံစာ- ရန်ကုန်မြို့၊ လမ်းမတော်မြို့နယ်၊ မင်းရဲကျော်စွာလမ်းတွင် ယခင်က ဆီများရောင်းချပေးခဲ့မှုကို တွေ့ရစဉ်။
