၁၁.၁၂.၂၀၂၅
Translated by Htwe Ko Tun
ထိုင်းနိုင်ငံနဲ့ကမ္ဘောဒီးယားနိုင်ငံတို့ရဲ့ ရာစုနှစ်တစ်ခုကြာ နယ်စပ်အငြင်းပွားမှုကနေ နှစ်နိုင်ငံနယ်စပ်မှာ တိုက်ခိုက်မှုတွေ ပြန်လည်ဖြစ်ပွားလာပြီးနောက် နယ်စပ်ဒေသမှာ နှစ်နိုင်ငံစလုံးက မိမိတို့ အိုးအိမ်တွေကို စွန့်ခွာထွက်ပြေးကြတဲ့ ပြည်သူတွေအရေအတွက်ဟာ ဒီဇင်ဘာလ ၁၀ ရက်အထိ ငါးသိန်းကျော်ရှိသွားခဲ့ပြီလို့ သိရပါတယ်။
ဒီလို စစ်ဘေးရှောင်ပြည်သူတွေက ထိုင်းနိုင်ငံဘက်မှာ လေးသိန်းကျော်နဲ့ ကမ္ဘောဒီးယားနိုင်ငံဘက်မှာ တစ်သိန်းကျော်ရှိပြီး စေတီတွေ၊ ကျောင်းတွေနဲ့ တခြားဘေးကင်းရာနေရာတွေမှ ခိုလှုံနေကြရတယ်လို့ သိရပြီး။ အမေရိကန်သမ္မတ ဒေါ်နယ်ဒ် ထရမ့်ပ်ကတော့ အပစ်အခတ်ရပ်စဲရေးအတွက် ထပ်မံကြားဝင် ဆောင်ရွက်ပေးမယ်လို့ ကတိပြုထားပါတယ်။
ဒါ့ပြင် သမ္မတ ဒေါ်နယ်ဒ်ထရမ့်ပ်က ထိုင်းနဲ့ ကမ္ဘောဒီးယားခေါင်းဆောင်တွေနဲ့ ပြန်လည်ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေကို ရပ်တန့်ဖို့ တောင်းဆိုဆွေးနွေးဖို့ မျှော်လင့်ထားတယ်လို့လည်း ဒီဇင်ဘာလ ၁၁ ရက်မှာ ပြောကြားခဲ့ပါတယ်။



ပြန်လည်ဖြစ်ပွားနေတဲ့ နယ်စပ်ပဋိပက္ခမှာ ထိုင်းစစ်သားတွေနဲ့ ကမ္ဘောဒီးယားအရပ်သားတွေပါဝင်တဲ့
သေဆုံးသူ အနည်းဆုံး လူ ၁၅ ဦး ရှိပြီလို့ တာဝန်ရှိသူတွေက ဒီဇင်ဘာလ ၁၁ ရက်မှာ ပြောကြားခဲ့ပါတယ်။ထိုင်းနိုင်ငံ၊ ဆူရင်ပြည်နယ်အတွင်း ကမ္ဘောဒီးယားနဲ့ ထိုင်းနယ်စပ်မှာ ဒီဇင်ဘာ ၁၁ ရက်က တိုက်ပွဲတွေ ပြန်လည်ပြင်းထန်နေပြီး ရာစုနှစ်များစွာ သက်တမ်းရှိ ဘုရားကျောင်းတွေအနီးမှာ တိုက်ပွဲတွေ ဖြစ်ပွားလျက်ရှိပါတယ်။
အရှေ့တောင်အာရှနိုင်ငံနှစ်နိုင်ငံက ကိုလိုနီခေတ်က သူတို့ရဲ့ ၈၀၀ ကီလိုမီတာရှည်လျားတဲ့ နယ်စပ်နယ်နိမိတ်ကို အငြင်းပွားနေကြပြီး နှစ်ဖက်စလုံးက သမိုင်းဝင်ဘုရားကျောင်းအချို့ကို တောင်းဆိုထားကြပါတယ်။
ကမ္ဘောဒီးယားနိုင်ငံ အနောက်မြောက်ပိုင်းအော့ဒါမိန်းချေးပြည်နယ်မှာ ဒီဇင်ဘာလ ၁၀ ရက်နံနက်အစော ပိုင်းက စလို့ ဘုရားကျောင်းတွေဆီကို ဦးတည်တဲ့ အမြောက်ပစ်ခတ်မှုတွေ ရှိနေတယ်လို့လည်း သတင်းတွေက ဆိုပါတယ်။
Ref- CNA
