၁၁. ၁၂. ၂၀၂၅
Written by Nyein Kyaw
ဆန္ဒမဲပေးခြင်း မပေးခြင်းသည် နိုင်ငံသားတစ်ဦး၏ အခွင့်အရေးဖြစ်သကဲ့သို့ ဆန္ဒမဲပေးရန်မှာလည်း နိုင်ငံသားတစ်ဦး၏ တာဝန်ဖြစ်ကြောင်း အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီရုံးအမှုဆောင်ချုပ် ဦးအောင်လင်းဒွေးက ယမန်နေ့တွင် ကျင်းပသည့် (၇၇) နှစ်မြောက် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ အခမ်းအနားတွင် ပြောကြားသည်။
ပြည်သူလူထု၏ စစ်မှန်သည့် လိုလားချက်ဖြစ်သော စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီစနစ်ကို အခြေခံသော ပြည်ထောင်စုကြီး ဖြစ်ပေါ်လာစေရေးအတွက် စည်းစနစ်ကျနမှုရှိပြီး လွတ်လပ်ပြီး တရားမျှတမှုအပြည့်ရှိသည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးကိုလည်း အလေးထားဆောင်ရွက်လျက်ရှိသည်ကို အားလုံးအသိပင်ဖြစ်ကြောင်း ဦးအောင်လင်းဒွေးက ပြောကြားသည်။
ဒီမိုကရေစီစနစ်တွင် အထွေထွေရွေးကောက်ပွဲသည် အသက်ဖြစ်ပြီး အလွန်အရေးကြီးသည့်အတွက် ရွေးကောက်ပွဲအထမြောက်ရန်နှင့် ဥပဒေနှင့်ညီညွတ်ရန် အလေးထားဆောင်ရွက်လျက်ရှိကြောင်း၊ တိုင်းရင်းသားပြည်သူအားလုံးကလည်း သိက္ခာရှိသည့် ရွေးကောက်ပွဲ၊ အောင်မြင်သည့် ရွေးကောက်ပွဲဖြစ်စေရေးနှင့် ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ် အခိုင်အမာရောက်ရှိစေရေးတို့အတွက် အားလုံးက ညီညီညွတ်ညွတ်ပူးပေါင်း ပါဝင်ကြရန်လိုအပ်ကြောင်း ဦးအောင်လင်းဒွေးက ပြောကြားသည်။
နိုင်ငံတော်တစ်ခုတည်ဆောက်ရာတွင် ပြည်သူလူထုသည် အကြီးမားဆုံး အင်အားဖြစ်သည်နှင့်အညီ တည်ငြိမ်အေးချမ်းသည့် လူ့အဖွဲ့အစည်းဖြစ်စေရေးနှင့် တရားမျှတသည့် ရွေးကောက်ပွဲများဖြစ်စေရေး ပြည်သူလူထုက တက်ကြွစွာပါဝင်ရန်၊ အချင်းချင်းလေးစားမှုရှိရန်နှင့် တာဝန်ယူမှုများရှိရန် လိုအပ်ကြောင်း ဦးအောင်လင်းဒွေးက ပြောကြားသည်။
ဆန္ဒမဲပေးခြင်း မပေးခြင်းသည် နိုင်ငံသားတစ်ဦး၏ အခွင့်အရေးဖြစ်သကဲ့သို့ ဆန္ဒမဲပေးရန်မှာလည်း နိုင်ငံသားတစ်ဦး၏ တာဝန်ဖြစ်ကြောင်း၊ နိုင်ငံသားများအနေဖြင့် မိမိတို့အခွင့်အရေးကို အပြည့်အဝအသုံးချပြီး မိမိတို့၏ တာဝန်ဝတ္တရားများကို လိုက်နာကာ နိုင်ငံ့အကျိုးကိုရှေးရှု၍ မိမိတို့၏ ဆန္ဒသဘောထားများကို ထုတ်ဖော်ကြရမည်ဖြစ်ကြောင်း ဦးအောင်လင်းဒွေးက ပြောကြားသည်။
ထို့ကြောင့် မဲပေးပိုင်ခွင့်ရှိသူအားလုံးက မကြာမီကျင်းပပြုလုပ်တော့မည့် ပါတီစုံဒီမိုကရေစီအထွေထွရွေးကောက်ပွဲတွင် ပါဝင်ဆန္ဒမဲပေးခြင်းဖြင့် နိုင်ငံသားတစ်ဦး၏ တာဝန်ကျေပွန်အောင် ဆောင်ရွက်ကြရန် တိုက်တွန်းပြောကြားလိုကြောင်း ဦးအောင်လင်းဒွေးက ပြောကြားသည်။
လူ့အခွင့်အရေးနှင့် နိုင်ငံသားတို့၏ တာဝန်သည် ဒီမိုကရေစီအခြေခံအုပ်ချုပ်ရေးစနစ်နှင့် ကောင်းမွန်သော လူ့အဖွဲ့အစည်းတစ်ခုတည်ဆောက်ရေးအတွက် တစ်ခုနှင့်တစ်ခု ဆက်စပ်ပြီး ဟန်ချက်ညီရန် လိုအပ်သည့် အခြေခံအယူအဆနှစ်ရပ်ဖြစ်ကြောင်းလည်း ဦးအောင်လင်းဒွေးက ပြောကြားသည်။
