၁၁.၁၂.၂၀၂၅
Written by Linn Eain
ကမ္ဘောဒီးယားနိုင်ငံရှိ မြန်မာနိုင်ငံသားများ ပဋိပက္ခဖြစ်ပွားရာဒေသများသို့ ခရီးသွားလာခြင်း ရှောင်ရှားရန်နှင့် အခက်အခဲတစ်စုံတစ်ရာကြုံတွေ့လျှင် ဆက်သွယ် အကူအညီတောင်းခံနိုင်ကြောင်း ကမ္ဘောဒီးယားနိုင်ငံ၊ ဖနွမ်းပင်မြို့ရှိ မြန်မာသံရုံးက ဒီဇင်ဘာ ၁၀ ရက်တွင် ကြေညာချက် ထုတ်ပြန်ထားသည်။
လတ်တလောဖြစ်ပွားလျက်ရှိသည့် ကမ္ဘောဒီးယားနိုင်ငံနှင့် ထိုင်းနိုင်ငံတို့အကြား ပဋိပက္ခ အခြေအနေများနှင့် ပတ်သက်၍ ကမ္ဘောဒီးယားနိုင်ငံရှိ မြန်မာနိုင်ငံသားများအနေဖြင့် ပဋိပက္ခဖြစ်ပွားရာ နေရာဒေသများသို့ ခရီးသွားလာခြင်းမှ ရှောင်ရှားကြရန်၊ ကမ္ဘောဒီးယားအစိုးရက ဖော်ပြသည့် ယုံကြည်စိတ်ချရသောသတင်းများ၊ ကြေညာချက်များနှင့် လုံခြုံရေးအခြေအနေများကို အချိန်နှင့်တစ်ပြေးညီ စောင့်ကြည့်လိုက်နာဆောင်ရွက်ကြရန် အသိပေးကြောင်း ထုတ်ပြန်ထားသည်။
ထို့ကြောင့် ကမ္ဘောဒီးယားနိုင်ငံသို့ ရောက်ရှိနေကြသော မြန်မာနိုင်ငံသားများအနေဖြင့် မိမိ၏လုံခြုံရေးကို ဂရုပြုကြရန်နှင့် အခက်အခဲတစ်စုံတစ်ရာ
ကြုံတွေ့ရပါက မြန်မာသံရုံးဖုန်း နံပါတ် +၈၅၅ ၂၃ ၂၂၃ ၇၆၁ နှင့် +၈၅၅ ၂၃ ၂၂၃ ၇၆၂ များသို့ဆက်သွယ် အကူအညီတောင်းခံနိုင်ကြောင်း အသိပေးကြေညာထားကြောင်း သိရသည်။
တစ်ကျော့ပြန် ဖြစ်ပွားလာသည့် ထိုင်းနှင့် ကမ္ဘောဒီယားတို့၏ နယ်စပ်ပဋိပက္ခသည် ဒီဇင်ဘာ ၇ ရက်တွင် ပြန်လည်စတင်ခဲ့ပြီး ထိုင်းစစ်သားနှင့် ကမ္ဘောဒီယားအရပ်သား အနည်းဆုံး ၁၅ ဦးခန့် သေဆုံးခဲ့ကြောင်း သိရသည်။
