၁၁.၁၂.၂၀၂၅
Written by Linn Eain






နိုင်ငံရေးကို လှိုင်းစီးမည့်သူများမဟုတ်ဘဲ လက်တွေ့ကျကျလှော်ခတ်မည့်သူများဖြစ်သည်ကို အာမခံချက်ပေးလိုကြောင်း ပြည်ခိုင်ဖြိုးပါတီ ဒုတိယဥက္ကဋ္ဌ ဦးမျိုးဇော်သိမ်းက ဒီဇင်ဘာ ၁၀ ရက်တွင် ပြုလုပ်ခဲ့သည့် လှည်းကူးမြို့နယ်၊ ဖောင်ကြီးကျေးရွာအုပ်စု၌ လွှတ်တော်ကိုယ်စားလှယ်လောင်းများနှင့် လူထုတွေ့ဆုံပွဲ အခမ်းအနားတွင် ပြောကြားခဲ့ကြောင်း USDP News ၏ ဖော်ပြမှုအရ သိရသည်။
အဆိုပါအခမ်းအနားကို နိုင်ငံတော်အလံအား အလေးပြု၍ နိုင်ငံတော်သီချင်း သံပြိုင်သီဆိုကာ စတင်ခဲ့ပြီး ပါတီဒုတိယဥက္ကဋ္ဌ ဦးမျိုးဇော်သိမ်းမှ လှည်းကူးမြို့နယ်အတွင်း ယှဥ်ပြိုင်မည် ပြည်ခိုင်ဖြိုးပါတီ၊ ဗဟိုအလုပ်မူဆောင်နှင့် ရန်ကုန်တိုင်းပါတီ ဥက္ကဋ္ဌ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးခင်မောင်စိုး၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း ဦးခင်မောင်တင့်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း (PR) ဦးရဲရင့်စိုးညွန့်၊ ရခိုင်တိုင်းရင်းသားကိုယ်စားလှယ်လောင်း ဦးနေမင်းထွန်း၊ လှည်းကူးမြို့နယ် တိုင်းဒေသကြီးလွှတ်တော် (FPTP) ကိုယ်စားလှယ်လောင်း ဦးအောင်မျိုးနိုင်နှင့် တိုင်းဒေသကြီးလွှတ်တော်လောင်း (PR) ဦးအောင်ဝင်းထူးတို့ကို လှည်းကူးမြို့နယ်၊ ဖောင်ကြီးကျေးရွာအုပ်စုနေ ပြည်သူလူထုနှင့် မိတ်ဆက်ပေးခဲ့သည်။
ပြည်ခိုင်ဖြိုးပါတီ ဒုတိယဥက္ကဋ္ဌ ဦးမျိုးဇော်သိမ်းက ”
ကျွန်တော်တို့ပါတီဟာ အတွေ့အကြုံရှိပြီး အစိုးရဖွဲ့နိုင်သော ပါတီဖြစ်သောကြောင့် ယုံကြည်စွာဖြင့် တာဝန်အပ်နှင်းပေးအပ်ကြည့်ပါ။ ဦးလည်မသုန် ထမ်းဆောင်ပါမယ်။ ပြည်သူလူထုသာ ပထမ၊ ပြည်သူလူထုသာပဓာနထားပါတယ်။ ကျွန်တော်နဲ့အတူ လှည်းကူးခရိုင်အတွင်း ပါဝင်ရွေးချယ်ခံကြမဲ့ ကိုယ်စားလှယ်များကိုလည်း ကျွန်တော်တို့ကဲ့သို့ ဒေသရဲ့အကျိုး၊ ကိုယ့်မြို့ကိုယ့်ရွာရဲ့ အကျိုးကို စွမ်းစွမ်းတမံထမ်းဆောင်မယ့်သူတွေဖြစ်ကြောင်း အာမခံပါတယ်။ ကျွန်တော်တို့ဟာနိုင်ငံရေးကို လှိုင်းစီးမယ့်သူတွေမဟုတ်ပါဘူး။ လက်တွေ့ကျကျလှော်ခတ်မယ့်သူတွေဖြစ်ကြောင်းကို အာမခံချက်ပေးလိုပါတယ်။ လာမယ့်ရွေးကောက်ပွဲမှာ လှည်းကူးခရိုင်အတွင်း ဝင်ရောက်အရွေးခံမယ့် ကျွန်တော်တို့ရဲ့ကိုယ်စားလှယ်လောင်းများကို ယုံကြည်စွာဖြင့်ရွေးချယ်ကြပါ ” ဟု မေတ္တာရပ်ခံဟောပြောစည်းရုံးပြောကြားခဲ့သည်။
ထို့ပြင် မိမိအနေဖြင့် ရန်ကုန်ကို များစွာရင်းနှီးပြီး က.စ.ထမှူးအဖြစ် ဆောင်ရွက်ခဲ့ဖူးကြောင်း၊ သို့သော်ရန်ကုန်တိုင်းပါတီဥက္ကဋ္ဌ ဦးခင်မောင်စိုးကဲ့သို့ မွေးရပ်ဇာတိမြေကို အကျိုးပြုလိုသောကြောင့် မွေးရာဇာတိဖြစ်သော ပဲခူးတိုင်းအနောက်ခြမ်း၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်မှ ဝင်ရောက်ရွေးချယ်ခံရခြင်းဖြစ် ကြောင်း၊ လက်ရှိမှာ ပါတီဒုတိယဥက္ကဋ္ဌ တာဝန်ဖြင့် ရန်ကုန်တိုင်းကို လာရောက်အားဖြည့်ဆောင် ရွက်ပေးခြင်းသာဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု သိရသည်။
ထို့နောက် ပါတီဗဟို အလုပ်မူဆောင်နှင့် ရန်ကုန်တိုင်းဒေသကြီး ဥက္ကဋ္ဌ၊ လှည်းကူးမြို့နယ်ပြည်သူ့လွှတ် တော်ကိုယ်စားလှယ်လောင်း ဦးခင်မောင်စိုးက ဟောပြောခဲ့ပြီး တိုင်းဒေသကြီးလွှတ်တော် (FPTP)ကိုယ်စားလှယ်လောင်း ဦးအောင်မျိုးနိုင်က မဲပေးစက်ခလုတ် အသုံးပြုပုံကို သရုပ်ပြရှင်းလင်းခဲ့ကြောင်း သိရသည်။
အဆိုပါတွေ့ဆုံပွဲတွင် ရုပ်ရှင်နှင့်ဗွီဒီယိုသရုပ်ဆောင် အကယ်ဒမီ နေအောင်၊ ယမင်းကိုကို၊ အုန်းသီး၊ ကျော်ကျော်နန္ဒ၊ နန်းဝေဝေမြင့် အပြင် တေးသံရှင်များနှင့် အနုပညာရှင်များအဖွဲ့မှ တေးသီချင်းများဖြင့် သီဆိုဖျော်ဖြေခဲ့ကြောင်း သိရသည်။
အဆိုပါ အခမ်းအနားကို လှည်းကူးမြို့နယ်၊ ဖောင်ကြီးကျေးရွာအုပ်စုမှ ကျေးရွာများဖြစ်သောဖောင်ကြီးအရှေ့၊ ဖောင်ကြီးအနောက်၊မင်းကွန်း၊ မရမ်းချောင်၊ ဂွေးတောက်အိုင်၊ ပုတ်သင်ညိုနှင့် ဟိုင်းကူးတို့မှ ပါတီဝင်များ၊ ပါတီဝန်းရံသူများနှင့် ပြည်သူလူထု ( ၃၅၀၀ )ကျော် တက်ရောက်ခဲ့ကြောင်း သိရသည်။
