သတိုး
၁၁. ၁၂. ၂၀၂၅
ချစ်သူ၏ ဇနီးသည်နှင့် မတွေ့ဆုံမိစေရန်အတွက် အထပ်မြင့်တိုက်ခန်းတစ်ခုမှ ထွက်ပြေးခဲ့သည့် တရုတ်အမျိုးသမီးတစ်ဦး၏ ဗီဒီယိုသည် တရုတ် လူမှုကွန်ရက်နှင့် အွန်လိုင်းတွင် ပျံ့နှံ့နေသည်။
ဗီဒီယိုဖိုင်တွင် သူမသည် မီနီစကတ်ဝတ်ဆင်ထားရင်းပင် အဆောက်အအုံ၏ အပြင်နံရံများနှင့် ရေပိုက်များကို တွယ်ဆင်းနေသည်ကို ပြသနေသည်။
အိမ်ထောင်ရေးဖောက်ပြန်မှုတစ်ခု၏ ဇာတ်လမ်းတွင် မယားကြီးက ဖမ်းမိသွားမည်ကြောက်ရွံ့၍ အသက်ကို စွန့်စားကာ အထပ်မြင့်တိုက် ဆယ်လွှာမှ တွယ်ဆင်းထွက်ပြေးရသည့် ဤမြင်ကွင်းသည် တရုတ်ပြည်မကြီးရှိ လူမှုမီဒီယာအသုံးပြုသူများကို တုန်လှုပ်စေခဲ့သည်။

◾ အဖြစ်အပျက် အသေးစိတ်
ဤဖြစ်ရပ်သည် တရုတ်နိုင်ငံတောင်ပိုင်း၊ ကွမ်တုန်းပြည်နယ်ရှိ လူနေအိမ်ရာ အဆောက်အအုံတစ်ခုတွင် နိုဝင်ဘာလ ၃၀ ရက်နေ့က ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
ဆံပင်ရှည် အနက်ရောင်နှင့် အဖြူရောင် မီနီစကတ်ဝတ်ဆင်ထားသော ထိုအမျိုးသမီးကို မြေပြင်မှ ၁၀ ထပ်ခန့်မြင့်သော အဆောက်အအုံ၏ အခန်းအပြင်ဘက်နံရံတွင် တွယ်ကပ်နေသည်ကို ဗီဒီယိုတွင် မှတ်တမ်းတင်ရိုက်ကူးထားသည်ကို တွေ့ရသည်။
ETtoday သတင်းများအရ သူမသည် အဆိုပါ တိုက်ခန်းရှိ အမျိုးသားနှင့် ဖောက်ပြန်နေသည်ဟု စွပ်စွဲခံထားရသည်။
အမျိုးသား၏ ဇနီးသည် မမျှော်လင့်ဘဲ ပြန်ရောက်လာသည့်အခါ ခင်ပွန်း၏အမျိုးသမီး (မယားကြီး) က သူမကို ဖမ်းမမိစေရန်အတွက် သူမနှင့် ဖောက်ပြန်နေသည့်အမျိုးသားက သူမ(မယားငယ်)ကို အခန်း၏ အပြင်ထောင့်စွန်းပေါ်တွင် ပုန်းနေရန် သို့မဟုတ် အောက်သို့ တွယ်ဆင်းရန် တိုက်တွန်းခဲ့ဖွယ်ရှိသည်ဟု သိရသည်။
အွန်လိုင်းတွင် ပျံ့နှံ့နေသော ဗီဒီယိုတွင် အမျိုးသမီးသည် လက်တစ်ဖက်တွင် မိုဘိုင်းလ်ဖုန်းကို ကိုင်ဆောင်ထားကာ အဆောက်အအုံ၏ အပြင်ဘက်နံရံတစ်လျှောက် အလျင်စလို ရွေ့လျား တွယ်ဆင်းနေသည်ကို တွေ့ရသည်။
◾ ရဲရင့်သော ထွက်ပြေးမှု (သို့မဟုတ်) မယားကြီးဖမ်းမိမည်ကို ကြောက်ရွံခြင်းမှ ပေါ်ထွက်လာသော သတ္တိ
သူမ စတင်ထွက်ပြေးရာ အထပ်မြင့်တိုက်ဆယ်လွှာ၏ အပေါ်စီးမှ ရိုက်ကူးထားဖွယ်ရှိသည့် ရေပန်းစားရုပ်သံတွင် သူမက ဆယ်လွှာမှ အောက်သို့ စတင် တွယ်မဆင်းမီ သူမသည် ပြတင်းပေါက်မှတစ်ဆင့် တိုက်ခန်းအတွင်းရှိ အင်္ကျီမပါသော အမျိုးသားတစ်ဦးနှင့် ခဏတာ စကားပြောဆိုနေသည်ကို တွေ့ရပြီးနောက် ထိုအမျိုးသားသည် မြင်ကွင်းမှ ပျောက်ကွယ်သွားသည်။
ထို့နောက် သူမသည် သေးငယ်သော ရေပိုက်တစ်ခုကို အသုံးပြု၍ အောက်သို့ တွယ်ဆင်းရန် ကြိုးပမ်းသော်လည်း ခြေချော်ပြီး တစ်ထပ်လုံးစာခန့် လျှောကျသွားခဲ့သည်။ ကံကောင်းစွာဖြင့်ပင် သူမသည် ၉ ထပ်ရှိ လှေကားထစ်၏ အစွန်းတစ်နေရာကို ခြေထောက်ဖြင့် ဖိထားနိုင်ခဲ့ပြီး သူမ၏ ကျဆုံးခြင်းကို ရပ်တန့်ရန် ပိုက်ကို တင်းတင်းဆုပ်ကိုင်ထားနိုင်ခဲ့သည်။
သူမသည် အထပ်မြင့်တိုက်ပေါ်တွင် တွယ်ကပ်နေသည့်အတွက် တောင်ဆိတ်တစ်ကောင်ကဲ့သို့ သွက်လက်နေသည်ကို ရုပ်သံတွင် ပြသနေသော်လည်း သူမ ပိတ်မိနေသည်ကို သိရှိသောကြောင့် အမျိုးသမီးသည် အောက်ဘက်ရှိ အိမ်နီးချင်း၏ ပြတင်းပေါက်ဆီသို့ ဘေးတိုက်ရွေ့သွားကာ မှန်ကို ခေါက်၍ အကူအညီတောင်းခဲ့သည်ကိုလည်း ရုပ်သံတွင် တွေ့ရသည်။
ထို့အတွက် အိမ်နီးချင်းသည် ပြတင်းပေါက်ကို ဖွင့်ပေးပြီး သူမကို အတွင်းသို့ ဆွဲသွင်းပေးခဲ့ရာမှ သူမသည် သေစေနိုင်သည့် ပြုတ်ကျခြင်းမှ ရှောင်ရှားနိုင်ခဲ့သည်။

◾ နောက်ဆက်တွဲအခြေအနေနှင့် လူမှုမီဒီယာတုံ့ပြန်မှုများ
ထိုစုံတွဲ၏ ဖောက်ပြန်မှုကို မယားကြီးဖြစ်သူက သိရှိသွားခြင်း ရှိ/မရှိကိုမူ မသိရသေးချေ။
ဒေသဆိုင်ရာ ရဲတပ်ဖွဲ့ကလည်း ဤဖြစ်ရပ်နှင့် ပတ်သက်၍ တရားဝင် ထုတ်ပြန်ချက် ထုတ်ပြန်လာခြင်း မရှိသေးပေ။
သို့သော် ဤဗီဒီယိုဖိုင်သည် လူအများအပြားကို တုန်လှုပ်စေခဲ့ပြီး တရုတ်ပြည်မကြီးရှိ လူမှုမီဒီယာတွင် ရယ်မောဖွယ်ရာ လှောင်ပြောင်မှုများစွာကို ဖြစ်ပေါ်စေခဲ့သည်။
အွန်လိုင်းသုံးစွဲသူတစ်ဦးက “အရင်က လူသုံးယောက်ပဲ သိတဲ့ကိစ္စက အခုတော့ တစ်ရပ်ကွက်လုံး သိကုန်ပြီ။” ဟု မှတ်ချက်ပေးခဲ့သည်။
အခြားတစ်ဦးကလည်း “သူမကို ကြောက်တတ်တယ်လို့ ပြောမယ်ဆိုရင်လည်း အထပ်မြင့်တိုက်ကို တွယ်တက်ရဲတယ်။ ရဲတယ်လို့ ပြောရင်လည်း သူ့ယောက်ျားရဲ့ တရားဝင်ဇနီးကိုတောင် ရင်ဆိုင်ဖို့ သတ္တိမရှိဘူး။” ဟု နောက်ပြောင်ခဲ့သည်။
အလားတူ တတိယလူတစ်ဦးက “ဒီအမျိုးသမီးက အရာအားလုံးကို စွန့်စားနေတာ ဘာအတွက်လဲ။ သူမအတွက် ဟိုတယ်ခန်းတောင် ငွေမသုံးတဲ့၊ သူ့ဇနီးကို အရမ်းကြောက်ပြီး အန္တရာယ်အားလုံးကို သူမတစ်ယောက်တည်း ခံစေတဲ့ ယောက်ျားအတွက်လား။” ဟု မေးခွန်းထုတ်ခဲ့သလို စတုတ္ထလူတစ်ဦးက – “ဒီဘက်ခေတ်မှာ ဖောက်ပြန်တာက လက်တွေ့အားဖြင့် စက်မှုလက်မှုပညာတစ်ခုလို ဖြစ်နေပြီ” ဟု မှတ်ချက်ပြုခဲ့သည်။
Ref: SCMP
