◾️ လှိုင်မြစ်ကမ်းနံဘေး၌ ကုန်စိမ်းများ လာရောက်ပို့ဆောင်ခြင်း ဆောင်ရွက်ရာတွင် စွန့်ပစ်အမှိုက်များ မြစ်အတွင်းသို့ စွန့်ပစ်ခြင်းများ မရှိစေရေး ဆောင်ရွက်ရန်ပါ မှာကြား
၁၁. ၁၂. ၂၀၂၅
Written by Nyein Kyaw
ရန်ကုန်စည်ပင်သာယာရေးကော်မတီမှ စနစ်တကျ ဆောင်ရွက်မှုများကြောင့် ရန်ကုန်မြို့တွင်း ယခင်နှစ်များထက် ရေကြီးရေလျှံမှု များစွာလျော့နည်းလာကြောင်း မြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ရန်ကုန်မြို့အတွင်း ရေစီးရေလာကောင်းမွန်ရေးနှင့် ဈေးများစနစ်တကျဖြစ်စေရေး ဆောင်ရွက်ထားရှိမှု အခြေအနေများအား ယနေ့ လှည့်လည်ကြည့်ရှုစစ်ဆေးစဉ် ပြောကြားသည်။







ယခင်က ရန်ကုန်မြို့အတွင်း၌ မိုးရာသီကာလများတွင် ရေကြီးရေလျှံမှုများ မကြာခဏ ဖြစ်ပေါ်လျက်ရှိသော်လည်း ယခုနောက်ပိုင်းနှစ်များတွင် ရန်ကုန်မြို့အတွင်း စီးဆင်းလျက်ရှိသည့် ချောင်းများ၊ မြောင်းများအား ရေစီးရေလာ ကောင်းမွန်စေရေး ရန်ကုန်မြို့ တော်စည်ပင်သာယာရေးကော်မတီမှ စနစ်တကျဖြင့် စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိခြင်းကြောင့် ယခင်နှစ်များထက် ရေကြီးရေလျှံမှုများ များစွာလျော့နည်းလာသည်ကို တွေ့မြင်ရမည်ဖြစ်ကြောင်း ယာယီသမ္မတက ပြောကြားသည်။
အလားတူ မြို့နေပြည်သူလူထုများအနေဖြင့်လည်း ချောင်းများ၊ မြောင်းများတစ်လျှောက် ရေစီးရေလာ ကောင်းမွန်စေရန် စည်းကမ်းမဲ့အမှိုက် စွန့်ပစ်မှုများမရှိစေရေး ကိုယ်စီအသိစိတ်ဖြင့် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်သွားမည်ဆိုပါက ယခုထက်ပိုမိုသာယာ လှပသည့်မြို့ကို ဖော်ဆောင်နိုင်မည်ဖြစ်ကြောင်း ယာယီသမ္မတက ပြောကြားသည်။
ထို့နောက် ယာယီသမ္မတသည် လှိုင်မြို့နယ်ရှိ သီရိမင်္ဂလာဈေးနှင့် ရွှေပိတောက်ငါးဈေးများသို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ရာ ယာယီသမ္မတက သီရိမင်္ဂလာဈေးအတွင်း ဈေးဆိုင်ခန်းများ၌ ဈေးရောင်းချလျက်ရှိသည့် ပြည်သူများ၊ ကုန်များလာရောက်ပို့ဆောင်ကြသည့် ကုန်သည်များအား လိုက်လံနှုတ်ဆက်၍ ကုန်များရရှိမှု၊ ဈေးကွက် ရရှိမှု၊ နေ့စဉ်ဈေးရောင်းချရာတွင် ကြုံတွေ့ရမှုများနှင့် သိရှိလိုသည်များကို မေးမြန်းဆွေးနွေးသည်။
သီရိမင်္ဂလာဈေးအတွင်း ပျက်စီးနေသည့် အမိုးများကိုလည်း ပြန်လည်ပြုပြင်သွားရန်နှင့် လေဝင်လေထွက်စနစ်များ ကောင်းမွန်စေရေးဆောင်ရွက်သွားရန်လိုကြောင်း၊ လှိုင်မြစ်ကမ်းနံဘေး၌ ကုန်စိမ်းများ လာရောက်ပို့ဆောင်ခြင်းများ ဆောင်ရွက်ရာတွင် စွန့်ပစ်အမှိုက်များအား မြစ်အတွင်းသို့ စွန့်ပစ်ခြင်းများ မရှိစေရေးနှင့် စနစ်တကျဖြစ်စေရေး ဆောင်ရွက်သွားရန်လိုကြောင်းနှင့် အခြားလိုအပ်သည်များကို ယာယီသမ္မတက လမ်းညွှန်မှာကြားသည်။






ဆက်လက်၍ ယာယီသမ္မတသည် ရွှေပိတောက်ငါးဈေးသို့ သွားရောက်ပြီး လှိုင်မြစ်နံဘေးရှိ ရွှေပိတောက်ငါးဈေးဆိပ်ခံဗောတံတား၌ ခရီးသည်များနှင့် ငါးကုန်သည်များ၏ သင်္ဘောများ၊ လှေများ ဆိုက်ကပ်မှု၊ အသုံးပြုမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့သည်။
ယင်းနောက် ယာယီသမ္မတသည် မရမ်းကုန်းမြို့နယ်၊ မင်းဓမ္မလမ်းရှိ ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဗဟိုကာကွယ်ဆေး သိုလှောင်အအေးခန်း(ရန်ကုန်)သို့ သွားရောက်၍ ကာကွယ်ဆေးသိုလှောင်ဖြန့်ဖြူးနိုင်မှု အခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။ ထို့အပြင် ဆေးဝါးများ သိုလှောင်ရာတွင် လျှပ်စစ်မီးလိုအပ်ချက် ပြတ်တောက်မှုမရှိစေရေးနှင့် ဆိုလာစနစ်ဖြင့် လျှပ်စစ်မီးရရှိအောင် ဆောင်ရွက်သွားရန်၊ သိုလှောင်ခန်းများအတွင်း အခန်းတွင်းအပူချိန်ထိန်းညှိမှု စနစ်တကျဖြစ်စေရန်နှင့် အခြားလိုအပ်သည်များကို ယာယီသမ္မတက လမ်းညွှန်မှာကြားခဲ့သည်။
