



၁၀.၁၂.၂၀၂
Written by Nay Yaung Lin
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့နယ်၊ ရွှေသာလျောင်းဘုရားတွင် ပန်းခင်းစီမံချက်အဆင့် (၃) ဖြင့် နိုင်ငံသားစိစစ်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုသို့ ဒီဇင်ဘာ ၁၀ ရက် နံနက်ပိုင်းက သွားရောက်ကြည့်ရှုအားပေးခဲ့ကြောင်းသိရသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးသည် ရွှေသာလျောင်းဘုရားအား ဖူးမြော်ကြည်ညိုကာ အလှူငွေများကို ဘုရားဂေါပကအဖွဲ့ဥက္ကဋ္ဌထံ ပေးအပ်လှူဒါန်းခဲ့သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ရွှေသာလျောင်းဘုရားတန်ဆောင်း၌ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြောင်းမြမြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများက ဒေသခံပြည်သူများအား အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ပျက်စီး/ ပျောက်ဆုံးသွားသည့် ဒေသခံပြည်သူများနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား မရရှိသေးသူ ပြည်သူများအား ပန်းခင်းစီမံချက် အဆင့်(၃)ဖြင့် ဆောင်ရွက်ပေးနေမှုကို ကြည့်ရှုအားပေးပြီး လာရောက်ဆောင်ရွက်သည့် ဒေသခံပြည်သူများကို လိုက်လံတွေ့ဆုံခဲ့ကြောင်း သိရသည်။




ဆက်လက်ပြီး ပြည်ထောင်စုဝန်ကြီးက လုပ်ငန်းဆိုင်ရာအခက်အခဲများကို မေးမြန်းဆွေးနွေးကာ ဝန်ထမ်းများက ဒေသခံပြည်သူများအား အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသား စိစစ်ရေးကတ်ပြားရရှိရေးအတွက် ဥပဒေနှင့်အညီ စိစစ်ကာ One Stop Service ဖြင့် အဆင့်ဆင့် ဆောင်ရွက်ပေးနေမှုအခြေအနေများကိုလည်းကောင်း၊ နိုင်ငံသားကတ်ပြားရရှိပြီးသူများကို e-ID စနစ်ဖြင့် Biographic/Biometric ကောက်ယူကာ Unique ID နံပါတ် တစ်ပါတည်းဆောင်ရွက်ထုတ်ပေးနေမှုကိုလည်းကောင်း လှည့်လည်ကြည့်ရှုခဲ့ပြီး တာဝန်ရှိသူများအား လုပ်ငန်းလိုအပ်ချက်များ ညှိနှိုင်း ဆောင်ရွက်ပေးသည်။
အဆိုပါ One Stop Service ဖြင့် ဆောင်ရွက်ပြီးစီးသည့် နိုင်ငံသားစိစစ်ရေးကတ်ပြားများနှင့် Unique ID ကတ်ပြားများကို ပြည်ထောင်စုဝန်ကြီးက သက်ဆိုင်ရာ ကာယကံရှင် တစ်ဦးချင်းထံ အသီးသီးပေးအပ်ခဲ့ကြောင်း သိရသည်။
ဆက်လက်၍ မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် မြောင်းမြမြို့၊ မြကန်သာရပ်ကွက်ရှိ မေတ္တာမွန် ဘိုးဘွားရိပ်သာရှိ အဘိုးအဘွားများ၊ တာဝန်ရှိသူများနှင့် တွေ့ဆုံကာ အဘိုးအဘွားများအနေဖြင့် မကြာမီကျင်းပတော့မည့် အထွေထွေရွေးကောက်ပွဲတွင် မဲပေးနိုင်ရေးနှင့် မဲစာရင်းတွင် အမည်စာရင်းပါရှိရေး၊ နိုင်ငံသားစိစစ်ရေးကတ်ပြား ကိုင်ဆောင်မဲပေးနိုင်ရေးနှင့် မဲစာရင်းတွင် အမည်စာရင်းပျောက်ဆုံး/ပျက်စီးပါက မိတ္တူလျှောက်ထားရယူကိုင်ဆောင်နိုင်ရေး၊ အဘိုးအဘွားများ UID နံပါတ်ထုတ်ပေးနိုင်ရေးအခြေအနေနှင့် အဘိုးအဘွားများ၏ နေထိုင်စားသောက်မှုနှင့် ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးနေမှုအခြေအနေများကို လိုက်လံကြည့်ရှုမေးမြန်းကာ အလှူငွေနှင့် စားသောက်ဖွယ်ရာများကို အဘိုးအဘွား တစ်ဦးချင်းထံ လိုက်လံလှူဒါန်းကာ ဂါရဝပြုကန်တော့ခဲ့ကြောင်း သိရသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် မြောင်းမြမြို့၊ မြန်မာနိုင်ငံစစ်မှုထမ်းဟောင်း အဖွဲ့ရုံးသို့ သွားရောက်၍ စစ်မှုထမ်းဟောင်းများအားတွေ့ဆုံခဲ့ပြီး လက်ရှိ နိုင်ငံတော်အစိုးရ၏ ဆောင်ရွက်ချက်များနှင့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကျင်းပရေးဆောင်ရွက်ခဲ့မှု၊ မကြာမီကျင်းပတော့မည့် အထွေထွေရွေးကောက်ပွဲအောင်မြင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်နေမှု၊ စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များအနေဖြင့် နိုင်ငံသားအခွင့်အရေးမဆုံးရှုံးစေရေးနှင့် မဲပေးနိုင်ရေးအခြေအနေ၊ နိုင်ငံသားစိစစ်ရေးကတ်ပြား ကိုင်ဆောင်မဲပေးနိုင်ရေးနှင့် ပျောက်ဆုံး/ ပျက်စီးမှုများအား သက်ဆိုင်ရာလဝကရုံးများသို့ ဆက်သွယ်ဆောင်ရွက်နိုင်ရေးအခြေအနေများကို မေးမြန်းဆွေးနွေးခဲ့ကြောင်း သိရသည်။
