၁၀. ၁၂. ၂၀၂၅
Written by Nyein Kyaw
ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုကြီး တည်ဆောက်ရာတွင် အခြားနိုင်ငံများ၏ပုံစံကို ပုံစံတူကူးကျင့်သုံးခြင်းမျိုး မဟုတ်ဘဲ မိမိနိုင်ငံနှင့် ကိုက်ညီသည့်စနစ်ကို ဖော်ဆောင်ရန် အရေးကြီးကြောင်း နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်က ယနေ့ ကျင်းပသည့် တပ်မတော်ဆေးတက္ကသိုလ် ဗိုလ်လောင်းသင်တန်းအမှတ်စဉ် (၂၆) သင်တန်းဆင်း ဂုဏ်ပြုစစ်ရေးပြအခမ်းအနားတွင် တက်ရောက် မိန့်ခွန်းပြောကြားစဉ် ထည့်သွင်း ပြောကြားသည်။
ဒီမိုကရေစီစနစ်ဆိုသည်မှာ ပြည်သူကရွေးချယ်သည့် အုပ်ချုပ်ရေးစနစ်ဖြစ်ပြီး ၎င်း၏ အနှစ်သာရဖြစ်သည့် အများဆန္ဒအတိုင်း ဆောင်ရွက်ခွင့်ရှိသော်လည်း လူနည်းစု၏ဆန္ဒကိုလည်း အလေးထားရန် လိုအပ်ကြောင်း၊ ဖက်ဒရယ်စနစ်ဆိုသည်မှာ လုပ်ပိုင်ခွင့်အာဏာနှင့် ရပိုင်ခွင့်များကို မျှဝေခံစားခြင်းဖြစ်ပြီး ၎င်း၏အနှစ်သာရမှာ ပေါင်းစည်းခြင်းနှင့် သဟဇာတဖြစ်မှုတို့ပင်ဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြောကြားသည်။

ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုကြီး ဖြစ်ပေါ်လာစေရေးအတွက် ပါတီစုံဒီမိုကရေစီစနစ် ရှင်သန်ရေးသည် အလွန်အရေးကြီးကြောင်း၊ ပါတီစုံဒီမိုကရေစီစနစ် ရှင်သန်ရန်အတွက် ရွေးကောက်ပွဲ လုပ်ငန်းစဉ်သည် မဖြစ်မနေလုပ်ရမည့် လုပ်ငန်းစဉ်ဖြစ်ခြင်းကြောင့် ပြည်သူလူထုအများစု လိုလားတောင့်တသည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲကြီးကို ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် စတင်ကျင်းပပေးသွားတော့မည်ဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြောကြားသည်။
ယခုပြုလုပ်ပေးမည့် ရွေးကောက်ပွဲသည် ယခင်ကျင်းပခဲ့သည့် ရွေးကောက်ပွဲများနှင့် မတူသည့်အချက် ၃ ချက်ရှိကြောင်း၊ ပထမအချက်မှာ ရွေးကောက်ပွဲစနစ်ဖြစ်ကြောင်း၊ လာမည့်ရွေးကောက်ပွဲတွင် ယခင်ကျင့်သုံးခဲ့သည့် အနိုင်ရသူအကုန်ယူ (First Past The Post-FPTP)စနစ်အပြင် FPTP နှင့် PR စနစ် ပေါင်းစပ်ရောနှောထားသည့် ကိုယ်စားလှယ်အချိုးကျစနစ် (Mixed Member Proportional-MMP) စနစ်ကို အသုံးပြုဆောင်ရွက်သွားမည်ဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြောကြားသည်။

ဒုတိယတစ်ချက်မှာ မဲပေးသည့်စနစ် ဖြစ်ပြီး ကြိုတင်မဲများကလွဲ၍ ရွေးကောက်ပွဲ ကျင်းပသည့်နေ့ မဲရုံများ၌ မဲပေးရာတွင် မြန်မာအီလက် ထရောနစ်မဲပေးစက် (Myanmar Electronic Voting Machine- MEVM)များနှင့် ခလုတ်နှိပ်ပေးရမည်ဖြစ်ကြောင်း၊ တတိယအချက်မှာ ရွေးကောက်ပွဲ ကျင်းပသည့်ပုံစံဖြစ်ပြီး ရွေးကောက်ပွဲကို လုံခြုံရေးနှင့်စီမံခန့်ခွဲမှု အပေါ်မူတည်ပြီး အပိုင်းလိုက် ကျင်းပပေးသွားမည်ဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြောကြားသည်။
ထို့ကြောင့် မိမိတို့တာဝန်ကျရာ တပ်ရင်း/တပ်ဖွဲ့ဒေသ အသီးသီးကို ရောက်ရှိချိန်တွင်လည်း လွတ်လပ်ပြီးတရားမျှတမှုရှိသည့် ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းစဉ်များနှင့် ပြည်သူတစ်ရပ်လုံးပါဝင်ပြီး မဲပေးခွင့်ရှိသူအားလုံး မဲပေးနိုင်ရေးကျရာအခန်းကဏ္ဍမှ တစ်တပ်တစ်အား ပူးပေါင်းပါဝင် ဆောင်ရွက်သွားကြရန် အလေးအနက်ထား မှာကြားလိုကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြောကြားသည်။
