MT News
၁၀. ၁၂. ၂၀၂၅





ထိုင်းနိုင်ငံက အိမ်ရှင်အဖြစ် ကျင်းပနေသည့် ၃၃ ကြိမ်မြောက် SEA Games ပြိုင်ပွဲတွင် အိမ်ရှင် ထိုင်းနိုင်ငံကပင် ကြီးစိုးထားသည့် Linking ဝိုင်းခြင်းခတ်နည်းတွင် မြန်မာအမျိုးသားနှင့် အမျိုးသမီးက ရွှေဆုတစ်ဆုစီဖြင့် နှစ်ဆုရသည့်အပြင် အခြားကစားနည်းများမှ ငွေတံဆိပ်ဆုများပါ ဆွတ်ခူးနိုင်ခဲ့သည်။
ထိုင်းနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် (၃၃)ကြိမ်မြောက် SEA Games (အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ) ၏ Chinlone (Linking) ပွဲစဉ်များကို ယနေ့တွင် ဒုတိယနေ့အဖြစ် ဆက်လက်ကျင်းပရာ ဗိုလ်လုပွဲတွင် မြန်မာအမျိုးသမီးအသင်းက ထိုင်းအမျိုးသမီးအသင်းကို ပထမပွဲတွင် မြန်မာ-၂၄၇ နှင့် ထိုင်း-၂၂၃ ဖြင့်လည်းကောင်း၊ ဒုတိယပွဲတွင် မြန်မာ-၂၅၅ နှင့် ထိုင်း-၂၂၃ ဖြင့်လည်းကောင်း နှစ်ပွဲပေါင်းရလဒ် မြန်မာ-၅၀၂ မှတ်ရကာ ထိုင်းက ရမှတ် ၄၄၆ မှတ်ဖြင့် မြန်မာအမျိုးသမီးအသင်းက ပထမဆုံး ရွှေတံဆိပ်ဆုကို ထိုက်ထိုက်တန်တန် ဆွတ်ခူးရရှိခဲ့ကြောင်း သိရသည်။
ထိုနည်းတူ အမျိုးသားအသင်းကလည်း Chinlone (Linking) ပွဲစဉ်တွင် ထိုင်းအမျိုးသားအသင်းကို ရမှတ်အသာစီးဖြင့် ဖြတ်ကျော်ကာ နှစ်ပွဲပေါင်း ရမှတ် ၅၇၄ မှတ်ဖြင့် ရွှေတံဆိပ် ဆွတ်ခူးခဲ့သည်။ အဆိုပါ Chinlone (Linking) အားကစားနည်းကို ယခင်က ထိုင်းအသင်းကသာ အနိုင်ရဗိုလ်စွဲပြီး ရွှေတံဆိပ်ဆုများရယူကာ မြန်မာအသင်းမှာ ငွေတံဆိပ်သာ ရလေ့ရှိသော်လည်း ယခုမူ ထိုင်းအသင်းကို လက်စားချေကာ ရွှေတံဆိပ် ဆွတ်ခူးနိုင်ခဲ့ခြင်းဖြစ်သည်။




သို့သော် ကွင်းသွင်းခြင်းခတ် အမျိုးသား၊ အမျိုးသမီး ပွဲစဥ်များ၏ ဗိုလ်လုပွဲတွင်မူ မြန်မာအမျိုးသားအသင်းနှင့် အမျိုးသမီးအသင်းတို့က ထိုင်းအမျိုးသားအသင်းနှင့် အမျိုးသမီးအသင်းတို့ကို ရှုံးနိမ့်ကာ ငွေတံဆိပ်သာ ဆွတ်ခူးနိုင်ခဲ့သည်။ ယနေ့ပွဲစဥ်များမပြီးဆုံးမီ ထိုင်းအသင်းက ရွှေဆု ၆ ဆုဖြင့် ပထမနေရာ၊ မြန်မာအသင်းက ရွှေဆု ၂ ဆုဖြင့် ဒုတိယနေရာနှင့် ဖိလစ်ပိုင်အသင်းက ရွှေဆုတစ်ဆုဖြင့် တတိယနေရာ ရပ်တည်နေသည်။
Photo – Pyone Play Sports
