၁၀. ၁၂. ၂၀၂၅
Written by Nyein Kyaw
လွှတ်တော်ရွေးကောက်ပွဲ ဥပဒေပုဒ်မ ၁၀ (ဎ) နှင့် ငြိစွန်းသည့် ရန်ကုန်တိုင်းဒေသကြီး၊ ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီးနေရာအတွက် ဝင်ရောက် ယှဉ်ပြိုင်မည့် တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း ဦးတင်ထူးအောင်နှင့် လောဘာပါတီမှ ကိုယ်စားလှယ်လောင်းတစ်ဦးတို့ကို ကိုယ်စားလှယ်လောင်းအမည်စာရင်းမှ ပယ်ဖျက်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) က ယနေ့တွင် ဖြေကြားထားသည်။
ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်)နှင့် သက်ဆိုင်ရာလွှတ်တော်ရွေးကောက်ပွဲ ဥပဒေတို့တွင် လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ခံပိုင်ခွင့်ရှိသည့် ပြဋ္ဌာန်းချက်များနှင့် ရွေးကောက်တင်မြှောက်ခံပိုင်ခွင့်မရှိခြင်း ပြဋ္ဌာန်းချက်များအတိုင်း လွှတ်တော်ကိုယ်စားလှယ်လောင်းများကို စိစစ်ရကြောင်း သိရသည်။
တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း ဦးတင်ထူးအောင်နှင့် လောဘာပါတီက ကိုယ်စားလှယ်လောင်းတို့နှင့် ပတ်သက်၍ ပြည်ထဲရေးဝန်ကြီးဌာန၏ စိစစ်ပြန်ကြားချက်အရ လွှတ်တော်ရွေးကောက်ပွဲ ဥပဒေပုဒ်မ ၁၀ (ဎ) နှင့် ငြိစွန်းသဖြင့် လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်းမှ ပယ်ဖျက်ခြင်းဖြစ်ကြောင်းနှင့် သက်ဆိုင်ရာပုဂ္ဂိုလ်ထံသို့လည်း အကြောင်းကြားစာ ပေးပို့ပြီးဖြစ်ကြောင်း UEC က ဖြေကြားထားသည်။




တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် ဥပဒေပုဒ်မ ၁၀ (ဎ) တွင် တည်ဆဲဥပဒေတစ်ရပ်ရပ်အရ မတရားအသင်းအဖြစ် ကြေညာခြင်းခံထားရသော အဖွဲ့အစည်း၊ အကြမ်းဖက်လုပ်ရပ်များကို ကျူးလွန်သည်ဟု နိုင်ငံတော်က သတ်မှတ်သော အဖွဲ့အစည်းနှင့် ပုဂ္ဂိုလ်များ၊ နိုင်ငံတော်အား လက်နက်ကိုင်ဆန့်ကျင်သော သောင်းကျန်းသူအဖွဲ့အစည်းများ သို့မဟုတ် ယင်းအဖွဲ့အစည်းဝင်များနှင့် ဆက်သွယ်ကြောင်း ခိုင်လုံသောအထောက်အထားရှိသူသည် ရွေးကောက်ပွဲတွင် ရွေးကောက်တင်မြှောက်ခံပိုင်ခွင့်မရှိစေရဟု ပြဋ္ဌာန်းထားသည်။
သက်ဆိုင်ရာလွှတ်တော်ရွေးကောက်ပွဲ နည်းဥပဒေ ၃၆ တွင် လွှတ်တော်ကိုယ် စားလှယ်လောင်းအဖြစ် အမည်စာရင်း ထုတ်ပြန်ကြေညာပြီးနောက် အမည်စာရင်း တင်သွင်းသူတစ်ဦးသည် ရွေးကောက်ပွဲ မကျင်းပမီ လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ရွေးကောက်တင်မြှောက်ခံပိုင်ခွင့် ဆုံးရှုံးသွားလျှင်ဖြစ်စေ၊ ကွယ်လွန်သွားလျှင်ဖြစ်စေ ထိုသူ၏ အမည်ကို လွှတ်တော်ကိုယ်စားလှယ်လောင်းများ၏ အမည်စာရင်းမှ ပယ်ဖျက်ရမည်ဖြစ်ကြောင်း ပြဋ္ဌာန်းချက်အရ လွှတ်တော်ကိုယ်စားလှယ်လောင်းများ၏ အမည်စာရင်းမှ ပယ်ဖျက်ခွင့်ရှိကြောင်း UEC က ဖြေကြားထားသည်။
ကိုယ်စားလှယ်အရည်အချင်းမကိုက်ညီ၍ လွှတ်တော်ကိုယ်စားလှယ်လောင်း ၈၆ ဦးကို ပယ်ဖျက်ပြီးနောက်ပိုင်း ထပ်မံပယ်ဖျက်ခံရသည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများလည်း ထပ်မံရှိခဲ့ကြောင်း UEC မှ သိရသည်။
လေဘာပါတီမှ ပယ်ဖျက်ခံရသော ကိုယ်စားလှယ်လောင်းကိုမူ သတင်းမီဒီယာများက CDM လှုပ်ရှားမှုများကို ထောက်ခံခဲ့သည့် ဦးကျော်သူရ (ခ) မာမတ်အာနီဆူရာမန်ဖြစ်သည်ဟု ရေးသားဖော်ပြသည်။
ရန်ကုန်တိုင်းဒေသကြီး၊ အမျိုးသားလွှတ်တော် (FPTP) မဲဆန္ဒနယ် အမှတ်(၁)တွင် ဝင်ရောက်ယှဉ်ပြိုင်မည့် လေဘာပါတီကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးကျော်သူရ (ခ) မာမတ်အာနီဆူရာမန်သည် ၎င်း၏လူမှုကွန်ရက်စာမျက်နှာမှာတွင် CDM လှုပ်ရှားမှုကို ထောက်ခံအားပေးသူအဖြစ် ဖော်ပြထားကြောင်း၊အကြမ်းဖက်အဖွဲ့များအဖြစ် ကြေညာထားသော NUG၊ CRPH တို့က လှုံ့ဆော်ထားသည့် CDM လှုပ်ရှားမှုအား ထောက်ခံအားပေးခဲ့သော ကိုယ်စားလှယ်လောင်း ဦးကျော်သူရ (ခ) မာမတ်အာနီဆူရာမန်နှင့် ပတ်သက်၍ သတင်းဖော်ပြချက်များအရ ကော်မရှင်က သိရှိရ၍ ကော်မရှင်အနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေ၊ သက်ဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲဥပဒေ၊ နည်းဥပဒေများနှင့်အညီဖြစ်စေရေး အသေးစိတ်အချက်အလက်များ သိရှိရန်လိုအပ်သဖြင့် သက်ဆိုင်ရာဝန်ကြီးဌာနများက ပြန်လည် စိစစ်လျက်ရှိပြီး စိစစ်တွေ့ရှိချက်များအပေါ် ကော်မရှင်က သုံးသပ်ဆောင်ရွက်မည်ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က နိုဝင်ဘာ ၅ ရက်တွင် ဖြေကြားခဲ့သည်ကို MT News က ဖော်ပြခဲ့ပြီးဖြစ်သည်။
