MT News
၁၀. ၁၂. ၂၀၂၅
လာမည့် ဒီဇင်ဘာ ၂၈ ရက်မှ စတင်ကျင်းပမည့်ရွေးကောက်ပွဲကို စောင့်ကြည့်လေ့လာမည်ဟု မြန်မာ နိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်က ယနေ့ကျရောက်သည့် အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့အခါသမယတွင် ထုတ်ပြန်သည့် သတင်းထုတ်ပြန်ချက်အမှတ် (၁၇/၂၀၂၅) ဖြင့် ကြေညာချက်၌ ထည့်သွင်း ဖော်ပြထားသည်။
လူသားအားလုံး၏ အသက်ရှင်သန်ခွင့်၊ လွတ်လပ်ခွင့်၊ လုံခြုံခွင့်စသည့် အခြေခံအခွင့်အရေးများပါဝင်သော ကမ္ဘာ့လူ့အခွင့်အရေးကြေညာစာတမ်းအား ၁၉၄၈ ခုနှစ်၊ ဒီဇင်ဘာလ ၁၀ ရက်နေ့ တွင် ထုတ်ပြန်ခဲ့ပြီး ယင်းနေ့ကို အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့အဖြစ် သတ်မှတ်ခဲ့ရာ ယနေ့တွင် (၇၇) နှစ် ပြည့်မြောက်ခဲ့ပြီဖြစ်သည်။ ကမ္ဘာ့လူ့အခွင့်အရေးကြေညာစာတမ်းသည် ကုလသမဂ္ဂပဋိညာဉ်စာတမ်းမှ မြစ်ဖျားခံလာခဲ့ပြီး ဒုတိယကမ္ဘာစစ်ကြီးပြီးနောက် လူသားအားလုံးအတွက် အဓိကအကျဆုံး ကြေညာစာတမ်း ဖြစ်သည်။ လူသားများ၏ မွေးရာပါဂုဏ်သိက္ခာနှင့် တန်းတူညီမျှရှိမှုကို အသိအမှတ်ပြုထားသော ယင်းကြေညာစာတမ်းကို ကုလသမဂ္ဂအထွေထွေညီလာခံ၌ မဲခွဲရာတွင် မြန်မာနိုင်ငံက ပါဝင် ထောက်ခံမဲပေးခဲ့ရုံသာမက ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) တွင်လည်း ကြေညာစာတမ်းပါ အခွင့်အရေးများကို ထင်ဟပ်ပြဋ္ဌာန်းထားသည်။




ကမ္ဘာ့လူ့အခွင့်အရေးကြေညာစာတမ်းကို အခြေပြု၍ ပေါ်ပေါက်လာသည့် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးဥပဒေများကို အလေးထားသည့်အနေဖြင့် မြန်မာနိုင်ငံကလည်း အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး သဘောတူစာချုပ် (၄) ခုနှင့် နောက်ဆက်တွဲစာချုပ် (၂) ခု တွင် ပါဝင်ချုပ်ဆိုထားသည်။ ကမ္ဘာ့နိုင်ငံအားလုံး၏ လူ့အခွင့်အရေးအခြေအနေကို ပုံမှန်သုံးသပ်သည့်လုပ်ငန်းစဉ် (UPR) တွင်လည်း မြန်မာနိုင်ငံက ပါဝင်ဆောင်ရွက်လျက်ရှိသည်ဟု လူ့အခွင့်အရေးကော်မရှင်က အသိပေးသည်။
မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်သည် ၂၀၂၅ ခုနှစ်အတွင်း နိုင်ငံတကာနှင့် ဒေသတွင်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်ချက်အနေဖြင့် အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့တွင် ကျင်းပ ပြုလုပ်သည့် အရှေ့တောင်အာရှ အမျိုးသားလူ့အခွင့်အရေးအဖွဲ့အစည်းများဖိုရမ် (SEANF) ၏ နှစ်ပတ်လည်အစည်းအဝေးသို့ ကိုယ်တိုင်တက်ရောက်ခဲ့သည်။ ထို့အတူ ရုရှားနိုင်ငံတွင် ကျင်းပပြုလုပ်သည့် ဒီဂျစ်တယ်လူ့အဖွဲ့အစည်းတွင် လူ့အခွင့်အရေးကာကွယ် စောင့်ရှောက်ခြင်းနှင့် စပ်လျဉ်းသော (၉) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ သိပ္ပံနှင့်လက်တွေ့အသုံးချညီလာခံသို့လည်း ကိုယ်တိုင်ပါဝင် တက်ရောက်ခဲ့ပြီး ရုရှားဖက်ဒရေးရှင်းနိုင်ငံ လူ့အခွင့်အရေးကော်မရှင်နှင့် မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင်တို့အကြား လူ့အခွင့်အရေးမြှင့်တင်ကာကွယ်ရေးကဏ္ဍများတွင် နှစ်ဘက် ပူးပေါင်းဆောင်ရွက်မှု စာချွန်လွှာ (Memorandum of Cooperation) ကို လက်မှတ်ရေးထိုးခဲ့သည်။ ထို့ပြင် အခြားနိုင်ငံတကာအစည်းအဝေးများသို့ Online platform မှ (၁၂) ကြိမ် တက်ရောက်ခဲ့သည်ဟု ဆိုသည်။

အလားတူ မြန်မာနိုင်ငံအမျိုးသားလူအခွင့်အရေးကော်မရှင်သည် ကော်မရှင်ဥပဒေပါ ပြဋ္ဌာန်းချက်များ နှင့်အညီ ၂၀၂၅ ခုနှစ်အတွင်း လူ့အခွင့်အရေး မြှင့်တင်ပညာပေးရေး ဆောင်ရွက်ချက်များအနေဖြင့် ပြည်ထောင်စုအဆင့်အဖွဲ့အစည်းများ၊ ဝန်ကြီးဌာနများ၊ အရပ်ဘက်အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ လူ့အခွင့်အရေးအသိပညာပေး ရှင်းလင်းဆွေးနွေးပွဲများ၊ သင်ခန်းစာပို့ချခြင်းများ ပြုလုပ်ခဲ့ပြီး သင်တန်းသားပေါင်း (၇၂၉၀) ဦးကို အသိပညာမျှဝေပေးခဲ့သည်။ကော်မရှင်၏ဥပဒေဆိုင်ရာ ဆောင်ရွက်ချက်အနေဖြင့် အဆိုပြုဥပဒေကြမ်း (၅) ခု အပေါ် လူ့အခွင့်အရေးဆိုင်ရာ အကြံပြုချက် များ ပေးပို့ခဲ့သလို မသန်စွမ်းသူများအခွင့်အရေးဆိုင်ရာသဘောတူစာချုပ် (CRPD) နှင့် နောက် ဆက်တွဲစာချုပ် (CRPD – OP)၊ အမျိုးသမီးများအပေါ် နည်းမျိုးစုံဖြင့် ခွဲခြားဆက်ဆံမှု ပပျောက် ရေးဆိုင်ရာသဘောတူစာချုပ်၏ နောက်ဆက်တွဲစာချုပ် (CEDAW- OP) တို့ကို ဘာသာပြန်ဆို ပုံနှိပ် ထုတ်ဝေခဲ့သည်။ ယင်းအပြင် “မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်” အကြောင်း သရုပ်ဖော်ပုံစာအုပ်အား မြန်မာဘာသာ၊ အင်္ဂလိပ်ဘာသာနှင့် ရုရှားဘာသာတို့ဖြင့် ဘာသာပြန်ဆိုပုံနှိပ်၍ ပြည်တွင်းသာမက နိုင်ငံတကာ အစည်းအဝေးများတွင်လည်း ဖြန့်ဝေခဲ့သည်ဟုလည်း ကြေညာချက်က ဖော်ပြသည်။
ယင်းအပြင် လူ့အခွင့်အရေးကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများတွင် တိုင်တန်းချက်များ ကိုင်တွယ် ဆောင်ရွက်ခြင်း၊ လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် စပ်လျဉ်း၍ စောင့်ကြည့်လေ့လာခြင်း၊ အကျဉ်း ထောင်၊ အချုပ်ထောင်၊ အကျဉ်းစခန်း၊ ရဲစခန်းအချုပ်ခန်း၊ တရားရုံးအချုပ်ခန်း၊ ဘိုးဘွား ရိပ်သာနှင့် သက်ကြီးရွယ်အိုနေ့ပိုင်း စောင့်ရှောက်ရေးဂေဟာ၊ လူငယ်သင်တန်းကျောင်းများသို့ သွားရောက် စစ်ဆေးခြင်းတို့ကို ဆောင်ရွက်ခဲ့သည်။ ကြည့်ရှုစစ်ဆေးရာတွင် ခွဲခြားဆက်ဆံမှု မရှိစေရေး၊ ဘာသာအလိုက် ကိုးကွယ်ခွင့်၊ သင့်တင့်သော ကျန်းမာရေးစောင့်ရှောက်မှု ရရှိခွင့်၊ သန့်ရှင်းသော သောက်သုံးရေ လုံလောက်စွာ ရရှိခွင့်၊ နိုင်ငံတော်မှ တရားဝင် ခွင့်ပြုထားသော အခွင့်အရေးနှင့် အထောက်အပံ့များကို သတ်မှတ်ချက်နှင့်အညီရရှိခွင့် စသည့်အခြေခံအခွင့်အရေးများ ရရှိခြင်း ရှိ မရှိစစ်ဆေးပြီး လိုအပ်သည့်အကြံပြုချက်များကို သက်ဆိုင်ရာဌာနများသို့ ပေးပို့လျက်ရှိသည်။ ကော်မရှင်၏ အကြံပြုချက်များကို သက်ဆိုင်ရာဌာနအသီးသီးကလည်း ပူးပေါင်း ဖြည့်ဆည်း ဆောင်ရွက်ပေးလျက် ရှိသည်ဟုလည်း သိရသည်။
အထက်ပါဆောင်ရွက်ချက်များအပြင် မကြာမီ ဒီဇင်ဘာ ၂၈ ရက်တွင် ပထမအကြိမ် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင်လည်း ဥပဒေက ပေးအပ်ထားသော နိုင်ငံသားတစ်ဦး၏ အခွင့်အရေးရရှိစေရေးနှင့် လွတ်လပ်ပြီးတရားမျှတသည့် ရွေးကောက်ပွဲတစ်ရပ်ဖြစ်စေရေးတို့အတွက် ကော်မရှင်မှ စောင့်ကြည့်လေ့လာရေးလုပ်ငန်းစဉ်များကို သတ်မှတ် ထားသည့် စည်းကမ်းများနှင့်အညီ ဆောင်ရွက်သွားမည် ဖြစ်ကြောင်းနှင့် (၇၇) နှစ်မြောက် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့အတွက် ကုလသမဂ္ဂမှ ချမှတ်ထား သည့် ဆောင်ပုဒ်မှာ “Our Everyday Essentials” ဖြစ်၍ ပြည်သူလူထု တစ်ရပ်လုံးကလည်း နေ့စဉ်ဘဝတွင် မရှိမဖြစ်လိုအပ်သည့် လူ့အခွင့်အရေးများကို လေးစား လိုက်နာကြပါရန် ယနေ့ကျရောက်သည့် အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့အခါသမယတွင် တိုက်တွန်း နှိုးဆော်အပ်ပါကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။
ပုံစာ။ ပြည်ပရောက်မြန်မာနိုင်ငံသားများ၏ ကြိုတင်မဲပေးနေမှုမြင်ကွင်း။
