သတိုး
၁၀. ၁၂. ၂၀၂၅
ထိုင်းနှင့် ကမ္ဘောဒီးယား အိမ်နီးချင်းနှစ်နိုင်ငံကြား နယ်စပ်အငြင်းပွားမှုများ ဖြစ်ပွားနေသည့်အတွက် ထိုင်းနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပသော ၃၃ ကြိမ်မြောက် အရှေ့တောင်အာရှအားကစား ပွဲတော် (SEA Games) မှ ကမ္ဘောဒီးယားက ၎င်း၏ အားကစားကိုယ်စားလှယ်အဖွဲ့တစ်ခုလုံးကို နုတ်ထွက်စေခဲ့သည်။
ကမ္ဘောဒီးယားအမျိုးသားအိုလံပစ်ကော်မတီ (NOCC) က ဘေးကင်းရေးအကြောင်းပြချက်များကို ကိုးကား၍ ယနေ့ ဗုဒ္ဓဟူးနေ့ (ဒီဇင်ဘာ ၁၀ ရက်) နံနက်ပိုင်းတွင် ယင်းဆုံးဖြတ်ချက်ကို စီစဉ်သူများကို အကြောင်းကြားခဲ့သည်။
ကမ္ဘောဒီးယားအမျိုးသားအိုလံပစ်ကော်မတီ အကြီးအကဲ Vath Chamroeun က အရှေ့တောင် အာရှအားကစားပွဲတော် ဖက်ဒရေးရှင်းသို့ ပေးပို့သည့် စာတစ်စောင်တွင် “ပြင်းထန်သော စိုးရိမ်ပူပန်မှုများနှင့် မိမိတို့၏ ဆွေမျိုးသားချင်းများကို ချက်ချင်းအိမ်ပြန်ပို့ပေးရန် အားကစားသမားများ၏ မိသားစုများထံမှ တောင်းဆိုမှုများကြောင့် NOCC သည် မိမိတို့၏ ကိုယ်စားလှယ်အဖွဲ့အားလုံးကို ရုပ်သိမ်းပြီး ဘေးကင်းရေးအကြောင်းပြချက်များဖြင့် ၎င်းတို့ကို ကမ္ဘောဒီးယားသို့ အချိန်မီ ပြန်လာနိုင်ရေး စီစဉ်ရပါမည်” ဟု ရေးသားခဲ့သည်။

ယင်းဆုံးဖြတ်ချက်ကို ပေါ့ပေါ့တန်တန် ချမှတ်ခဲ့ခြင်းမဟုတ်ကြောင်းလည်း ၎င်းက ရေးသားခဲ့သည်။
“စောစီးစွာ ထွက်ခွာရခြင်းကြောင့် ဖြစ်ပေါ်လာနိုင်သည့် အဆင်မပြေမှုများအတွက် တောင်းပန်အပ်ပြီး ခင်ဗျားတို့၏ နားလည်မှုနှင့် ပံ့ပိုးကူညီမှုအတွက် အမြဲတမ်း ကျေးဇူးတင်ရှိနေမှာပါ” ဟု Vath Chamroeun က ပြောကြားခဲ့သလို ကမ္ဘောဒီးယားကိုယ်စားလှယ်အဖွဲ့သည် ထွက်ခွာရေးစီစဉ်မှုများနှင့် အခြားသော လုပ်ထုံးလုပ်နည်းများအတွက် ဆက်သွယ်ဆောင်ရွက်သွားမည်ဟု ဖြည့်စွက် ပြောကြားခဲ့သည်။
SEA Games ကို ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် အင်္ဂါနေ့က တရားဝင်ဖွင့်လှစ်ခဲ့ပြီး ဒီဇင်ဘာလ ၂၀ ရက်နေ့အထိ ကျင်းပမည်ဖြစ်သည်။ သို့သော် နှစ်နိုင်ငံကြား ကြာရှည်စွာဖြစ်ပွားနေသော နယ်စပ်အငြင်းပွားမှုကြောင့် ယခုသီတင်းပတ်အတွင်း ထိုင်းနှင့် ကမ္ဘောဒီးယားတို့အကြား တိုက်ပွဲများပြန်လည်ဖြစ်ပွားမှုက အားကစားပွဲတော်ကို အရိပ်မည်းလွှမ်းမိုးနေသည်။
ကမ္ဘောဒီးယားသည် အားကစားပြိုင်ပွဲ ရှစ်မျိုးမှ နုတ်ထွက်ပြီးသားဖြစ်ခဲ့သည်။ နိုင်ငံမှ ကိုယ်စားလှယ်အဖွဲ့ငယ်တစ်ခုသာ အင်္ဂါနေ့ညနေပိုင်းက အားကစားသမားများ ချီတက်ပွဲတွင် ပါဝင်ခဲ့သည်။

“ကမ္ဘောဒီးယား နုတ်ထွက်တာကို အတည်ပြုပါတယ်” ဟု SEA Games ၏ အကြီးတန်းအရာရှိ Akarin Hiranprueck က ဗုဒ္ဓဟူးနေ့တွင် ပြောကြားခဲ့သည်။
ယခုသီတင်းပတ်အတွင်း ဖြစ်ပွားခဲ့သည့် ပဋိပက္ခများသည် ပြီးခဲ့သည့် ဇူလိုင်လက ငါးရက်ကြာ တိုက်ပွဲများဖြစ်ပွားကာ လူဒါဇင်များစွာ သေဆုံးခဲ့ပြီးနောက် အမေရိကန်သမ္မတ ဒေါ်နယ်ဒ် ထရမ့်ပ်၏ ကြားဝင်ညှိနှိုင်းမှုကြောင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုတစ်ခု ရရှိပြီးနောက်ပိုင်းတွင် အပြင်းထန်ဆုံးဖြစ်သည်။
ထိုင်းနိုင်ငံက တနင်္လာနေ့တွင် ကမ္ဘောဒီးယားအား လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီး နှစ်ဖက်စလုံးက တိုက်ပွဲများပြန်လည်စတင်မှုအပေါ် တစ်ဖက်နှင့်တစ်ဖက် အပြစ်ပုံချခဲ့ကြသည်။
သေဆုံးသူဦးရေသည် အင်္ဂါနေ့တွင် ၁၀ ဦးအထိ မြင့်တက်လာခဲ့ပြီး ထိုင်းစစ်သားလေးဦးနှင့် ကမ္ဘောဒီးယား အရပ်သားခြောက်ဦး ပါဝင်သည်။
ပြန်လည်စတင်ခဲ့သော ပဋိပက္ခစတင်ချိန်မှစ၍ ထိုင်းနှင့် ကမ္ဘောဒီးယား နှစ်ဖက်စလုံးတွင် လူပေါင်း ၅၀၀,၀၀၀ ကျော်သည် ၎င်းတို့၏ နေအိမ်များကို စွန့်ခွာကာ ဘေးလွတ်ရာသို့ ထွက်ပြေးခဲ့ကြပြီး ယခုနှစ်အစောပိုင်းက အလားတူတိုက်ပွဲများအတွင်း ရွှေ့ပြောင်းခဲ့ရသူ စုစုပေါင်းအရေအတွက်ထက် ကျော်လွန်သွားကြောင်း အစိုးရနှစ်ရပ်စလုံးက ဗုဒ္ဓဟူးနေ့တွင် ပြောကြားခဲ့သည်။

ထိုင်းနှင့် ကမ္ဘောဒီးယားတို့သည် ၎င်းတို့၏ ကုန်းမြေနယ်နိမိတ်တစ်လျှောက်ရှိ နယ်မြေအများအပြားကို အချုပ်အခြာအာဏာပိုင်ဆိုင်မှုအတွက် အချိန်ကြာမြင့်စွာ အငြင်းပွားနေခဲ့ကြသည်။
အဆိုပါ ပဋိပက္ခသည် ပြင်သစ်ကိုလိုနီအုပ်ချုပ်မှုကာလအတွင်း ပုံထုတ်ခဲ့သော နယ်စပ်မြေပုံများနှင့် ပတ်သက်၍ နှစ်ပေါင်းတစ်ရာကြာ မပြေလည်မှုမှ အရင်းခံခဲ့ခြင်းဖြစ်ကာ နှစ်ဖက်စလုံးက နယ်စပ်မှ ရှေးဟောင်းသမိုင်းဝင် ဘုရားကျောင်းအချို့ကို ပိုင်ဆိုင်ကြောင်း တောင်းဆိုနေကြသည်။ သို့သော် အငြင်းပွားမှု၏ အဓိကဗဟိုချက်ဖြစ် သည့် Preah Vihear ဘုရားကျောင်းကို ကမ္ဘောဒီးယားက ပိုင်ဆိုင်ကြောင်း ၁၉၆၂ ခုနှစ်တွင် အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) က ဆုံးဖြတ်ထားခဲ့ပြီးဖြစ်သည်။ ထိုင်းနိုင်ငံကမူ ဘုရားကျောင်းတည်ရှိရာ ပတ်ဝန်းကျင် နယ်မြေပိုင်ဆိုင်မှုကို ဆက်လက်အငြင်းပွားနေဆဲဖြစ်ပြီး ယခု တစ်ကျော့ပြန် စစ်ပွဲများမှတစ်ဆင့် အငြင်းပွားနယ်မြေများအပေါ် ထိန်းချုပ်မှုရယူရန် ကြိုးပမ်းနေသည်ဟု ယူဆရသည်။

Ref : CNA
