◾️ အဂတိကင်းပြီး ကောင်းမွန်သည့် အုပ်ချုပ်ရေးစနစ် တည်ဆောက်နိုင်မှသာ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်လာပြီး အများပြည်သူ၏ လူမှုဘဝများ မျှမျှတတနှင့် သာယာဝပြောလာမည်
၉. ၁၂. ၂၀၂၅
Written by Nyein Kyaw
နိုင်ငံတော်က ချမှတ်ထားသည့် ဦးတည်ချက်များကိုသွေဖည်၍ အဂတိလိုက်စားမှု ကျူးလွန်သည့် မည်သူ့ကိုမဆို ကျော်သားရင်သား မခွဲခြားဘဲ ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်ရန် ယနေ့ ကျင်းပသည့် အပြည်ပြည်ဆိုင်ရာ အဂတိလိုက်စားမှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားသို့ မြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ပေးပို့သည့် Video Message မိန့်ခွန်းတွင် ထည့်သွင်းပြောကြားသည်။
စည်းကမ်းကောင်းမွန်ပြီး ဒီမိုကရေစီပြည့်ဝသည့် နိုင်ငံတော်တည်ဆောက်ရာတွင် သန့်ရှင်းသောအစိုးရနှင့် ကောင်းမွန်သည့် အုပ်ချုပ်ရေးစနစ်များ လိုအပ်ကြောင်း၊ ကောင်းမွန်သည့် အုပ်ချုပ်ရေးစနစ်ကို ဖော်ဆောင်ရာတွင် အဂတိလိုက်စားမှု ကင်းစင်ရန်လိုအပ်ပြီး အဂတိလိုက်စားမှုသည် ကောင်းမွန်သည့် အုပ်ချုပ်ရေးအတွက် အဟန့်အတားဖြစ်စေကြောင်း ယာယီသမ္မတက ပြောကြားသည်။
“ဒါ့ကြောင့် အဂတိကင်းပြီး ကောင်းမွန်တဲ့ အုပ်ချုပ်ရေးစနစ် တည်ဆောက်နိုင်မှသာ နိုင်ငံတော်ဟာ ဘက်ပေါင်းစုံမှာ ဖွံ့ဖြိုးတိုးတက်လာပြီး အများပြည်သူရဲ့ လူမှုဘဝတွေဟာလည်း မျှမျှတတနဲ့ သာယာဝပြောလာမှာ ဖြစ်ပါတယ်” ဟု ယာယီသမ္မတက ပြောကြားသည်။
အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအနေဖြင့် “ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ လုပ်ငန်းစဉ်များ အောင်မြင်ပြီး ပြည်သူလူထုတစ်ရပ်လုံး လိုလားတောင်းတသည့် ပါတီစုံဒီမိုကရေစီစနစ်ကို အောင်မြင်စွာ လျှောက်လှမ်းနိုင်ရေး ပြည်သူလူထု၏ ပူးပေါင်းပါဝင်မှုဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ရေး” ဦးတည်ချက် ချမှတ်ပြီး အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း ယာယီသမ္မတက ပြောကြားသည်။
ဒီမိုကရေစီနဲ့ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုကြီး တည်ဆောက်ရန်အတွက် လွတ်လပ်ပြီးတရားမျှတသည့် ရွေးကောက်ပွဲကို အောင်မြင်စွာကျင်းပနိုင်ရန်၊ ရွေးကောက်ပွဲတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူအားလုံး မဲပေးခွင့်ရရှိရန်၊ လွတ်လပ်ပြီး တရားမျှတမှုရှိသည့် ရွေးကောက်ပွဲကို သတ်မှတ်ကာလအတွင်း အောင်မြင်စွာ ကျင်းပနိုင်ရေး လုပ်ငန်းစဉ်များတွင် ကျရာအခန်းကဏ္ဍမှ တစ်တပ်တစ်အား ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြရန် ယာယီသမ္မတက မှာကြားသည်။
“ရွေးကောက်ပွဲလုပ်ငန်းစဉ်တွေမှာ ဖြစ်ပွားတတ်တဲ့ ရွေးကောက်ပွဲဆိုင်ရာ မလျော်ကန်တဲ့ လုပ်ရပ်များနဲ့ ဥပဒေနဲ့ဆန့်ကျင်တဲ့ အပြုအမူများ ရှောင်ရှားပြီး အဂတိတရားကင်းရှင်းစွာနဲ့ သမာသမတ်ကျကျ၊ တရားမျှတပြီး လွတ်လပ်တဲ့၊ သိက္ခာရှိတဲ့ရွေးကောက်ပွဲဖြစ်စေဖို့ တာဝန်ရှိသူများနဲ့ ပြည်သူအားလုံးက ပူးပေါင်းပါဝင်ဆောင်ရွက်ကြဖို့လည်း မှာကြားလိုပါတယ်” ဟု ယာယီသမ္မတက ပြောကြားသည်။
အဂတိလိုက်စားမှုကို လုံးဝလက်မခံသည့် ယဉ်ကျေးမှုတစ်ရပ် ပေါ်ထွန်းလာစေရေးနှင့် အကျင့်ပျက်ခြစားမှုများ မရှိစေရေးအတွက် အခြေခံအကျဆုံးဖြစ်သည့် အသိပညာပေးရေးနှင့် တားဆီးကာကွယ်ရေး လုပ်ငန်းစဉ်များကိုပါ ဟန်ချက်ညီညီ ချဉ်းကပ်ပြီး အလေးထား ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ယာယီသမ္မတက ပြောကြားသည်။
“ဒါ့အပြင် နိုင်ငံတော်က ချမှတ်ထားတဲ့ ဦးတည်ချက်များကို သွေဖည်၍ အဂတိလိုက်စားမှု ကျူးလွန်သည့် မည်သူ့ကိုမဆို ကျောသားရင်သား မခွဲခြားဘဲ ဥပဒေနဲ့အညီ ထိရောက်စွာ အရေးယူ ဆောင်ရွက်သွားရမှာဖြစ်ပါတယ်” ဟု ယာယီသမ္မက ပြောကြားသည်။
အများအကျိုးဆောင်ရွက်ခြင်းနှင့် ကိုယ်ကျိုးရှာခြင်းတို့အကြား မှန်ကန်စွာခွဲခြားနိုင်စေရေးနှင့် အကျင့်ပျက်ခြစားမှုများ မရှိစေရေးအတွက် နိုင်ငံ့ဝန်ထမ်းများ၊ ပြည်သူ့ဝန်ထမ်းများ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ အရပ်ဘက်အဖွဲ့အစည်းများ၊ သတင်းမီဒီယာများနှင့် ပြည်သူလူထုအားလုံးက ပူးပေါင်းပြီး အဂတိလိုက်စားမှု တိုက်ဖျက်ရေးလုပ်ငန်းများကို အတူတကွ ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်သွားကြရန် ယာယီသမ္မတက မှာကြားသည်။
