၃. ၁၁. ၂၀၂၅
Translated by Thettant
အမေရိကန် အလွတ်တန်း သတင်းထောက်နှင့် စစ်သတင်းထောက် Collin Mayfield ဆိုသူသည် မြန်မာနိုင်ငံတွင်း၌ လက်ရှိ ဖြစ်ပွားနေသော စစ်ပွဲများနှင့် ပတ်သက်၍ သတင်းလိုက်ယူနေစဥ် ဒဏ်ရာရရှိခဲ့သည်ဟု East Mojo သတင်းဋ္ဌာနက ဒီဇင်ဘာ ၂ ရက်တွင် သတင်းဖော်ပြသည်။
Mayfield သည် ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ ကနေဒီတောင်အနီး စစ်ဆင်ရေးနယ်မြေတစ်ခုတွင် PDF–Zoland နှင့်အတူ လိုက်ပါသွားစဥ် နိုဝင်ဘာလ ၁၈ ရက်နေ့က မိုင်းနင်းမိခဲ့ခြင်းကြောင့် ၎င်း၏ ခြေထောက်နှင့် ခြေသလုံးတို့တွင် ပြင်းထန်သော ဒဏ်ရာများ ရရှိခဲ့သည်။
ယခင်က ရုရှား- ယူကရိန်း စစ်ပွဲ၊ ဟေတီရှိ ဂိုဏ်းအဖွဲ့များ၏ အကြမ်းဖက်မှု၊ ဘိုကိုဟာရမ်၊ အစ္စလာမ္မစ်အစွန်းရောက်အကြမ်းဖက်အဖွဲ့ ISIS၊ ယာဇီဒီမျိုးဖြုတ်သတ်ဖြတ်မှုနှင့် အီရတ်ရှိ အီရန်ဆန့်ကျင်ဘက် အဖွဲ့များအပါအဝင် ကြီးမားသော ကမ္ဘာလုံးဆိုင်ရာ ပဋိပက္ခများကို သတင်းယူဖူးသူ Mayfield သည် ၎င်း၏ မကြာသေးမီက လုပ်ဆောင်ခဲ့သော အလုပ်၏ တစ်စိတ်တစ်ပိုင်းအနေဖြင့် ချင်းပြည်နယ်ရှိ PDF တို့၏ လှုပ်ရှားမှုကို မှတ်တမ်းတင်နေခဲ့သည်။
၎င်းသည် မြန်မာ့စစ်ပွဲများမှ ရှေ့တန်းတိုက်ပွဲ ဗီဒီယိုများကို ဖော်ပြသည့် “The Chin Resistance” အမည်ရ သုံးပိုင်းပါ မှတ်တမ်းရုပ်ရှင်တွဲကိုလည်း ထုတ်လုပ်ခဲ့ပြီး ယင်းရုပ်ရှင်တွဲကို Qilo TV တွင် ထုတ်လွှင့်ခဲ့သည်။
အဆိုပါ ဖြစ်စဉ်ကို အတည်ပြုရန် EastMojo မှ ဆက်သွယ်မေးမြန်းသောအခါ Mayfield က “ကျွန်တော့်ဘယ်ဘက်ခြေထောက်နဲ့ မိုင်းနင်းမိခဲ့ပြီး ခြေချောင်းနှစ်ချောင်းနဲ့ ခြေဖဝါးတစ်စိတ်တစ်ပိုင်း ဆုံးရှုံးခဲ့ရပါတယ်။ ကျွန်တော့်ရဲ့ ညာဘက်ခြေသလုံး ဘယ်ဘက်ခြမ်းနဲ့ ဘယ်ဘက်လက်မှာလည်း ဗုံးစတွေ အများကြီး ထိမှန်ခဲ့ပါတယ်” ဟု ၎င်းက ပြောသည်။
အဆိုပါ ထိခိုက်ဒဏ်ရာရမှုသည် နိုဝင်ဘာလ ၁၈ ရက်နေ့ နေ့လယ်ပိုင်းတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ သတင်းပေးပို့ချိန်တွင် Mayfield သည် လိုအပ်သော ဆေးကုသမှု ခံယူရန်အတွက် အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ အိုက်ဇောလ်မြို့သို့ သွားရောက်နေကြောင်း ပြောကြားခဲ့သည်။
Ref: East Mojo
